ပြင်ဦးလွင် မြို့မိမြို့ဖ ကတိသစ္စာပြုပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် မြို့မိမြို့ဖ ကတိသစ္စာပြုပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၂၈ ။         ။ ပြည်သူက ရွေးချယ်တင်မြောက်ထားသည့် ပြင်ဦးလွင် မြို့မိမြို့ဖ ကတိသစ္စာပြုပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအဓိကထားဆောင်ရွက်ရန်အတွက် ပြင်ဦးလွင်မြို့ရှိ ဒေသခံများ ကြည်ညို လေးစား ခြင်းခံရသည့် မြို့မိ မြို့ဖ ၇ ဦးကို ဒေသခံပြည်သူများက စက်တင်ဘာလ ၁၇ ရက်နေ့က မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်ကြီး ၁ရမှ ရှေ့နေကြီး ဦးခင်မောင်လှ၊ ရပ်ကွက်ကြီး ၆ မှ ဟိုတယ်လုပ်ငန်းရှင် ဦးဥက္ကာ၊ ရပ်ကွက်ကြီး ၆ရှိ ပြင်ဦးလွင်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝင်နီမြင့်၊ ရပ်ကွက်ကြီး ၁၂မှ ဟိုတယ်လုပ်ငန်းရှင် ဦးဟန်စိုး၊ ရပ်ကွက်ကြီး ၅ မှ စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးလှထွေး၊ ရပ်ကွက်ကြီး ၁၇ မှ အထက်တန်းကျောင်းအုပ်(ငြိမ်း) ဒေါ်ဆိုင်းနန်၊ ရပ်ကွက်ကြီး ၅ မှ ယိုစုံလုပ်ငန်းရှင် ဦးမောင်မောင်တို့ကို ပြည်သူတို့၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြပြီး စက်တင်ဘာလ ၂၈ရက်နေ့တွင် ကတိသစ္စာ ခံယူပွဲနှင့်လူထုတွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည်။

" မြို့မိမြို့ဖဆိုတာ ဒီမြို့နယ်ကြီးတစ်ခုလုံးအတွက် အမိအဖသဖွယ် ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် ပြည်သူများကို အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံသွားမှာဖြစ်ပါတယ်”ဟု မဲအများဆုံးဖြင့် မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူ ရှေ့နေကြီး ဦးခင်မောင်လှက ပြောဆိုသည်။

ယခင်က မြို့မိမြို့ဖဆိုသည်မှာ ဌာနဆိုင်ရာနှင့် အဆင်ပြေသူကိုသာ ရွေးချယ်ခဲ့ပြီး မြို့ကောင်းကျိုးထက် ဌာန ကောင်းကျိုးများကိုသာ လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းစနစ်ကို ပြောင်းလဲစေချင်သည့်အတွက် ယခုကဲ့သို့ အများ ဆန္ဒဖြင့် မြို့မိမြို့ဖရွေးချယ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖအထောက်အကူပြုကော်မတီ အတွင်းရေးမှူးချုပ် ဦးကိုကိုကြီးက ပြောသည်။

အများဆန္ဒဖြင့် မြို့မိမြို့ဖရွေးချယ်ပွဲသည် ပြင်ဦးလွင်မြို့က အစိုးရသစ်လက်ထက်တွင် ပထမဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရွေးချယ်ခံရသည့် မြို့မိမြို့ဖအဖွဲ့အောက်တွင် ကော်မတီများဖွဲ့စည်းပေးထားကာ ဘဏ္ဍာရေး၊ ငွေစာရင်း၊ မူဝါဒ ရေးရာ၊ သတင်းနှင့်ပြန်ကြားရေး၊ လူမှု/ဘာသာရေး၊ လူငယ်ရေးရာ၊ သဘာဝအရင်းအမြစ်၊ ရှေးဟောင်းအမွေ အနှစ် အဖွဲ့၊ ကျန်းမာရေးနှင့်အားကစားအဖွဲ့၊ ဥပဒေရေးရာအဖွဲ့၊ မြို့ပြဖွံ့ဖြိုးရေးအဖွဲ့၊ ရုံးအဖွဲ့များ ပါဝင်ပြီး မြို့မိမြို့ဖ သက်တမ်းကို ငါးနှစ်သတ်မှတ်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly