ဟိန္ဒူ ၄၄၄ ဦး အပါအဝင် နေရပ်စွန့်ခွာသူများအရေး EU လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် တွေ့ဆုံ

ဟိန္ဒူ ၄၄၄ ဦး အပါအဝင် နေရပ်စွန့်ခွာသူများအရေး EU လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် တွေ့ဆုံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar တွင် တွေ့ရသော ဒုက္ခသည်စခန်း မြင်ကွင်း။ ဓာတ်ပုံ- AFP

စက်တင်ဘာ ၂၇ ။          ။ ဟိန္ဒူ ၄၄၄ ဦး နေရပ်ပြန်နိုင်ရေး အပါအဝင် နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာလ ၂၅ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပြီး ဝန်ကြီး ဦးကျော်တင်သည်  ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်သို့ ပြန်လာလိုကြောင်း အကြောင်းကြားထားသည့် ဟိန္ဒူ ၄၄၄ ဦး ပြန်လာရေးကို ဘင်္ဂလားဒေ့ရှ် ဘက်မှ ခွင့်ပြုပေးရန် လိုအပ်ကြောင်း ဦးကျော်တင်က ပြောဆိုခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေသည့် အာဆာအကြမ်းဖက်အဖွဲ့အား အရေးယူရန်လည်း မြန်မာဘက်မှ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားသို့ နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်ပြီး မြန်မာအဖွဲ့ လာရောက်ခဲ့ကာ ပြန်လည်လက်ခံရေးပြင်ဆင်နေမှုအခြေအနေများကို ရှင်းပြခြင်း ခေါင်းစဉ်ဖြင့် နေရပ်ပြန်ရေး လာရောက်ဆွေးနွေးခဲ့ပြီးနောက် ဟိန္ဒူ ၄၀၀ ကျော် နေရပ်ပြန်ရေး အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။

ဦးကျော်တင်က ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း စိစစ်ခဲ့ပြီးသူများအားလုံးကို မြန်မာဘက်မှ ပြန်လည် လက်ခံရန် အဆင်သင့်ရှိသည်ဟု ပြောခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်  “မည်သည့် လူမျိုးး/ ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေးပြန်လိုပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဟန့်တားမည်မဟုတ် ဟူသော ရပ်တည်ချက်” ကို ထည့်သွင်းဖော်ပြခဲ့သည်ဟု ဘင်္ဂလားဒေ့ရ်ှ သံအမတ်က ပြောဆိုထားခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက နေရပ်စွန့်ခွာသူများ လက်ခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီထားခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Eamon Gilmore က ယုံကြည်မှု ရှိလာစေရေးအတွက် နေရပ်စွန့်ခွာသူများထံ သတင်းအချက်အလက်များ မျှဝေခြင်းကို ဆက်လက် ဆောင်ရွက်သွားရေး အကြံပြုပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ် ပြဌာန်းမှုနှင့် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်း၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်မည့်ကိစ္စအပါအဝင် ကလေး သူငယ်များ၏ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောခဲ့သည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required