JICA အကူအညီဖြင့် ရေပေးတူးမြောင်း စနစ်များကို အဆင့်မြင့်တင်မည်

JICA အကူအညီဖြင့် ရေပေးတူးမြောင်း စနစ်များကို အဆင့်မြင့်တင်မည်
Photo - EPA

ရန်ကုန်။ ။စက်တင်ဘာ ၂၇ ။                  ။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်ဆီ ( JICA ) အကူအညီဖြင့် တစ်နိုင်ငံလုံးရှိ ရေပေး တူးမြောင်း စနစ်များကို ယခုနှစ်အတွင်း ပြန်လည်အဆင့်မြင့်တင်သွားမည်ဖြစ်ကြောင်း ဝက်လက်မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ရေတူးမြောင်းအများစုမှာ နှစ်ပေါင်းရာနှင့်ချီ၍ သက်တမ်း ကြာမြင့်နေပြီ ဖြစ်ပြီး လက်ရှိတွင် ပုံစံ ကျမှုမရှိဘဲ၊ မြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ထို့ကြောင့် ရေစီးရေလာ ပြန်လည်ကောင်းမွန်စေရန်နှင့် တောင်သူများစိုက်ပျိုးရေ အပြည့်အဝရရှိနိုင်ရန်အတွက် ရေပေးမြောင်းများကို ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း ဝက်လက်မြို့နယ် ဆည်မြောင်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးရန်နိုင်က ဆိုသည်။

 

“ ဒီနှစ်ကနေစပြီးတော့ JICA ပရောဂျက်နဲ့ ရေပေးမြောင်း စနစ်တွေအကုန်လုံးကို ပြုပြင်ပေးသွားမှာပါ။ တောင်သူတွေအတွက် မြောင်းနဲ့ပတ်သက်တာတော့ တော်တော်လေး အဆင်ပြေသွားမှာပါ “ ဟု ၄င်းက ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်JICA နှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ဆည် မြောင်းကဏ္ဍ၊ စိုက်ပျိုးရေးနည်းပညာကဏ္ဍ၊ ကျေးလက်ကဏ္ဍနှင့် အဆင့်မြှင့်လယ်ယာဖော်ဆောင်ရေး ကဏ္ဍ စသဖြင့် ပင်မလုပ်ငန်းလေးခုပါဝင်မည် ဖြစ်ကြောင်းသိရသည်။

“ ဆည်မြောင်းပိုင်းဆိုရင်တော့ ဒီတူးမြောင်းစနစ်တွေ ပြုပြင်တဲ့အပိုင်းပေါ့၊ စိုက်ပျိုးပိုင်းဆိုရင်သီးနှံမျိုးသန့် စက်တို့၊ စိုက်ပျိုးရေး နည်းပညာပေး စခန်းတို့ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျေးလက်ကဏ္ဍကျတော့ ကျေး လက်မှာ လယ်ယာကုန်ထုတ်လမ်းတွေ ပြန်လည်တည်ဆောက်ပေးမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ အဆင့်မြင့်လယ်ယာပါ။ ဒါတွေကို ဖော်ထုတ်ပေးမှာပါ။ ကျွန်တော်တို့ရဲ့လယ်ယာတွေက ပုံစံ မကျလှဘူး။ ဧကမမှန်တာမျိုးတွေ၊ ဒါတွေကို ပုံစံတကျဖြစ်အောင် အဆင့်မြင့်တင်ပေးမှာပါ” ဟု ဦးရန်နိုင်က ဆက်လက်ပြောဆိုသည်။

လက်တလောတွင် ရေမြောင်းဖျားပိုင်းရှိ လယ်ယာမြေများအနေဖြင့် ရေပေးတူးမြောင်းများ ရေစီးရေလာ မကောင်းခြင်းကြောင့် စိုက်ပျိုးရေအပြည့်အဝရရှိခြင်း မရှိကြောင်း တောင်သူများထံက သိရသည်။ထို့အပြင် ရေရရှိရန်အခက်အခဲ ဖြစ်နေသည့် တစ်ချို့ တောင်သူများအနေဖြင့် မြေအောက်ရေကို အစားထိုးသုံးစွဲမှုများ လည်းရှိနေကြောင်း သိရသည်။

" ကျွန်တော်တို့ မြောင်းဖျားက သူတွေကျ မြောင်းတွေမကောင်းတော့ ရေသိပ်မရောက်ဘူး။ ရောက်ပြန်တော့ လည်းထိပ်ကနေ လယ်တွေကစက်နဲ့စုတ်ယူကြတော့ ရေကအပြည့်အဝမရဘူး။ အစိုးရက လက်တံ မြောင်းမကြီးတွေကို တူးပေးမယ်ဆိုတော့ တော်တော်လေး အဆင်ပြေသွား မှာပါ" ဟု ဝက်လက်မြို့နယ် စင်းတဝဲ ကျေးရွာ မှ စပါး စိုက်တောင်သူ ဦးဘိုဘိုက ဆိုသည်။

 

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly