ဘုတ်ပြင်းတွင်အိမ်ခြေ တစ်ရာကျော် ပြောင်းရွှေ့ခိုင်းမှုအတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ဘုတ်ပြင်းတွင်အိမ်ခြေ တစ်ရာကျော် ပြောင်းရွှေ့ခိုင်းမှုအတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဘုတ်ပြင်း၊ စက်တင်ဘာ ၂၅ ။         ။ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာရှိအိမ်ခြေ ၁ဝဝကျော်ကို မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ရက်၃၀ အတွင်း ပြောင်းရွှေ့ပေးရန် ကြေညာစာလာကပ်ထားခြင်းအတွက် စက်တင်ဘာလ ၂၄ ရက်နေ့က ယင်းကျေးရွာရှိ စာကြည့်တိုက်၌ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

 “ကျွန်တော်တို့ နေထိုင်တဲ့ဒီရွာက လူတွေကို ကျူးကျော်တယ် ဆိုပြီး၊ ပထမ ကုမ္ပဏီကနေပြီး တရားစွဲ နှင်ထုတ်ပါတယ်။ အခုလည်းတစ်ခါ အစိုးရရဲ့ စီမံခန့်ခွဲမြေ ဖြစ်တယ်။ ဒီရွာကနေပြီး ရက်သုံးဆယ် အတွင်းအပြီး ပြောင်းရွှေ့ပေးရမယ်ဆိုပြီး မြေစာရင်းက ကြေညာစာ လာကပ်တယ်”ဟု ချောင်းမွန် ကျေးရွာမှ ဦးကျော်ထွေးက ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁ဝဝကျော်ရှိပြီး၊ လက်ရှိနေထိုင်သူများမှာ အခြားနေရာသို့ ပြောင်းရွှေ့ရန် ခက်ခဲနေပြီး၊ မိသားစုစားဝတ်နေရေးနှင့် ကျောင်းသူသားများ၏ ပညာရေးမှာပို၍ထိခိုက်လာနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေသခံပြည်သူများက ပြောကြားသည်။

“ဒီရွာမှာ နေထိုင်လာတာက ကြာပြီ၊ စာသင်ကျောင်းနဲ့ နီးတော့ကလေးတွေအတွက် ပညာရေးက ပိုပြီး အဆင်ပြေနေပါတယ်။ တကယ်လို့ ဒီနေရာကနေပြီး အခြား တစ်နေရာကို ပြောင်းရွှေ့ရင် အခက် အခဲတွေအများကြီး ဖြစ်ပေါ်လာနိုင်တယ်”ဟု ချောင်းမွန်ကျေးရွာမှ ဒေါ်ဇင်မာနွယ်က ပြောသည်။

ကျေးရွာနေဒေသခံ ပြည်သူများသည် ၂၀၁၄ ခုနှစ်က ယုဇနဆီအုန်းကုမ္ပဏီမှ အလုပ်သမားအဖြစ် ခေါ်ယူထားသူများ ဖြစ်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီမှလုပ်ခလစာ ပေးနိုင်ခြင်း မရှိသောကြောင့် ချောင်းမွန်ကျေးရွာကို ရွာအဖြစ်တည်ထောင်ကာ ဥယျာဉ်လုပ်ငန်းများကို လုပ်ကိုင်၍ နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

“ရွာအဖြစ် တည်ထောင်ဖို့ ရွာမြေပုံစံ (၄) နဲ့ ရွာသူရွာသားတွေက လျှောက်ထားဖို့လိုပါတယ်။ ရွာသူ ရွာသားတွေ ကိုယ်တိုင်က နားလည်မှုအားနည်းနေလို့ ကျွန်တော်ကိုယ်တိုင်လည်းသွားရောက် ရှင်းပြခဲ့ပြီးပြီ”ဟုဘုတ်ပြင်းမြို့နယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်က ပြော သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly