ငွေကြေးခဝါချမှုနှင့် ယင်းနှင့်ဆက်နွယ်နေသော ရာဇဝတ်မှုများကို ရင်ဆိုင်တိုက်ပွဲဝင်နေရသော မြန်မာနိုင်ငံ

By စိုင်းဝမ်စိုင်း (မဇ္ဈိမ)
25 September 2019
ငွေကြေးခဝါချမှုနှင့် ယင်းနှင့်ဆက်နွယ်နေသော ရာဇဝတ်မှုများကို ရင်ဆိုင်တိုက်ပွဲဝင်နေရသော မြန်မာနိုင်ငံ

ကမ္ဘာ့အဆင့် အဓိကရာဇဝတ်မှုကရလာတဲ့ ငွေကြေးတွေ အတော်များပြားလှတဲ့ပမာဏသည် လူမြင်သူမြင်အနေ အထားတွင်တွေ့ရှိနေသည်ကို လူတွေသိပ်မသိကြတာလဲ ဖြစ်နိုင်ဖွယ်ရှိပါသည်။ လှတပတ အမည်များဖြင့် အဆောက်အဦးကြီးများ၊ မြန်နှုံးမြင့်ကားများ၊ အသုံးအဖြုံးကြီးလှသည့် နေထိုင်မှုပုံစံများ၊ ကုန်ကုန်ပြောရလျှင် သီးနှံစိုက်ခင်း လိုပုံစံမျိုးသည်ပင် လူသိမသိသူမသိ လောက၏အပေါ်ယံသဏ္ဍန်မျှသာ ဖြစ်ပေလိမ့်မည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ရာဇဝတ်လုပ်ငန်းကြီးကို ထိထိရောက်ရောက် တိုက်ပွဲဆင်နေရသည့် နိုင်ငံတနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်။

နိုင်ငံတိုင်းသည် ငွေကြေးခဝါချမှုပြဿနာကို နှိမ်နင်းရန်ကြိုးပန်းနေရသော်လည်း မြန်မာနိုင်ငံကတော့ သူ့ပြဿနာ က တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းကြီးနှင့် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ် ပတ်သက်နေခြင်းဖြစ်သည်။ ရာဇဝတ် ဂိုဏ်းများကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွယ်နေကြသည်။

ဆယ်စုနှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာအမြစ်တွယ်နေခြင်း

အကျင့်ပျက်ခြစားမှုတွင် ရှည်ကြာသောသမိုင်းရှိသည်။ အဓိကဇစ်မြစ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွါးနေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဖြစ်ပွါးနေသည့် ပဋိပက္ခများနှင့် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူလိုက်သည့် နေက်ပိုင်းအာဏာရယူခဲ့သော စစ်အစိုးရအဆက်ဆက်နှင့် ၂၀၁၁ တွင် အစိုးရအပြောင်းအလဲဖြစ်ပြီး ယနေ့ထိုခေတ်လွန် ကာလအထိဖြစ်သည်။

ဦးသိန်းစိန်အစိုးရက အပြောင်းအလဲလုပ်ပါမည်ဟု ကတိပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရကလည်း ရာဇဝတ်မှုဆန့်ကျင်ရေး ကြွေးကြော်ခဲ့သော်လည်း တကယ့်အဖြစ်မှန်မှာ ထိုငွေကြေးခဝါချမှုနှင့် ယင်းနှင့်ဆက်စပ်နေသော ရာဇဝတ်မှုများကိုနှိမ်နင်းရေးမှာ အာဏာပိုင်များအတွက် ခက်ခဲလှသည့်လုပ်ငန်းဖြစ် သည်။

မြန်မာနိုင်ငံ၏ အဓိကပြဿနာကြီးများသည် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကုန်ကူးမှု ယင်းမှရရှိသော ဒေါ်လာ ဘီလီ ယံပေါင်းများစွာတန်ကြေးရှိသည့် ငွေကြေးများ မြန်မာ့စီးပွါးရေးအတွင်းသို့ မျက်နှာဖုံးအမျိုးမျိုးတပ် ဝင်ရောက်လာနေခြင်းဖြစ်သည်ဆိုသည်မှာ လျှို့ဝှက်ချက်တရပ် မဟုတ်ပေ။

အစိုးရ၏ အရေးယူဆောင်ရွက်မှု

ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု ပြဿနာကြီးများကိုကိုင်တွယ်ရန် မြန်မာအစိုးရသည် နည်းလမ်းပေါင်းများစွာကို ရှာဖွေအသုံးပြုခဲ့သည်။ ရဲတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ခြင်း ဖမ်းမိမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကို အရေးယူခြင်းစသောနည်းလမ်းပေါင်း များစွာကိုအသုံးပြု နှိမ်နင်းခဲ့သည်။

ယခုလအတွင်းမှာပင် မြန်မာသမ္မတဦးဝင်းမြင့်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဥက္ကဋ္ဌလုပ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) ကိုခေါ်ယူက မူးယစ်ဆေးဝါး နှိမ်နင်းရေးအရှိန်အဟုန်ကို မြှင့်တင်ရန် ခေါ်ယူပြောကြားခဲ့သည်ဟု မြန်မာသတင်းဌာနများက ရေးသားဖော်ပြကြသည်။ နေပြည်တော်သမ္မတ အိမ်တော်တွင်ကျင်းပသည့် CCDAC နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကျယ်ပြန့်လာခြင်းကို ထိန်းချုပ်ရန်မှာ အမျိုးသားရေး တာဝန်တရပ်ဖြစ်ပြီး အစိုးရသည် ကုလသမဂ္ဂ ကွန်ဗင်းရှင်းများနှင့်အညီ လုပ်ဆောင်နေသည်ဟု သမ္မတကပြောကြားခဲ့သည်။

သမ္မတဦးဝင်းမြင့်က အစိုးရ၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို ယင်း၏လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ မူးယစ်ဆေးဝါး ကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြည်သူလူထုအကြား မူးယစ်အန္တရာယ် အသိပညာပေး ရေးလုပ်ငန်းနှစ်ရပ်စလုံးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးရေးလှုပ်ရှားမှုများနှင့် မူးယစ်ဆေး သုံးစွဲသုံးစွဲသူများအား ကုသရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ကြရန်လည်း သမ္မတက ထိုမူးယစ်ဗဟိုအဖွဲ့ကို ညွှန်ကြားခဲ့သည်။

ထိုလုပ်ငန်းများသည် အမျိုးသားရေးတာဝန်ဖြစ်ပြီး အစိုးရဝန်ထမ်းများအနေနှင့်လည်း တည်ဆဲဥပဒေများ၊ စည်းမျဉ်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သမ္မတကပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့အနေနှင့်လည်း မူးယစ်ဆေးဝါးအမှုများကိုကိုင်တွယ်ရာတွင် ရဲကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရန်၊ သက်သေခံများစုဆောင်းရာနှင့် မူးယစ်အမှုများကို တရားရုံးအမိန့်များနှင့်အညီ အလျင်အမြန် စီမံဆောင်ရွက်ရန်လည်း သူက တိုက်တွန်း ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရသူများကိုလည်း ဘက်ပေါင်းစုံမှချဉ်းကပ်ပြီး ကုသမှုများပေးရန်နှင့် ထုတ်လုပ် သူများကိုလည်း အစားထိုးသီးနှံစိုက်ပျိုးခြင်း မွေးမြူရေးလုပ်ငန်းများ ထူထောင်ပေးကာ စားဝတ်နေရေးပြေလည်အောင် မှန်ကန်သောအကြောင်းအချက်များဖြင့် ဆောင်ရွက်ပေးရန်လည်း သမ္မတက အကြံပြုခဲ့သည်။

သမ္မတသည် သူ၏စိုးရိမ်ပူပန်မှုကို ပုံမှန်ပင် ထပ်ခါတလဲပြောကြားခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့တွင်နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် ၂ (MICC-2) တွင်ကျင်းပခဲ့သော ၃၂ ကြိမ်မြောက် နိုင်ငံတကာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ကူးသန်းရောင်းဝယ်ခြင်း ဆန့်ကျင်သည့်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရားမဝင်မူးယစ်ဆေးဝါးများသည် ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင်အတွင်းစည်း နှောင်ထားသောကြိုးမျှင်များကို ပြတ်တောက်သွားစေနိုင်ပြီး လူထု၏စီးပွါးရေးကိုလည်းပျက်ဆီးစေသည်၊ အကြမ်း ဖက်လုပ်ရပ်များ၊ ငွေကြေးခဝါချခြင်း၊ တရားမဝင်ဘဏ္ဍာရေးစီးဆင်းမှု၊ လာဘ်ပေးလာဘ်ယူမှု၊ နိုင်ငံအတွင်း နိုင်ငံ ဖြတ်ကျော်မှုခင်းများနှင့်လည်း ဆက်စပ်နေသည်ဟု သမ္မတက ပြောကြားသွားခဲ့သည်။

ယင်းသည်အသစ်အဆန်းမဟုတ်ပါ။ တရားမဝင ်မူးယစ်ဆေးဝါးလုပ်ငန်းမှရရှိသော အမြတ်အစွန်းသည် လက်နက်ကိုင် သောင်းကျန်းမှုကိုမွေးဖွားပေးနိုင်သည်။ ယင်းသည် ကူမင်တန်စစ်ဘုရင် ဗိုလ်ချုပ်ကြီး ထွမ်ရှီဝင် လက်ထက်ကပင် အထင်အရှားရှိခဲ့သောအရာဖြစ်သည်။ မူးယစ်ဆေးဝါးသည် မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲများနှင့် ရစ်ပတ်ဖွဲ့နှောင်နေသည်။

ဘိန်းသည် သူတို့အတွက် လိုအပ်သည့်မကောင်းမှု (မချစ်သော်လည်း အောင့်ကာနမ်းရသည့်အရာ) ဟု ကွယ် လွန်သူ ရှမ်းအမျိုးသားရေးခေါင်းဆောင် ခွန်သော်တာ က ၁၉၇၀ စုနှစ်များ အစောပိုင်းကပြောခဲ့ဖူးသည်။ ရှမ်း တော်လှန်ရေးအဖွဲ့များအနေနှင့် အဆိုပါ မကောင်းဆိုးဝါးနှင့် လက်တွဲခဲ့ရပြီး သူတို့တိုက်ပွဲကို ဘဏ္ဍာငွေဖြည့်တင်းခဲ့ရသည်။ နောက်ဆက်တွဲ အကျိုးဆက်များကိုမူ ယနေ့တိုင်ခံစားနေကြရဆဲဖြစ်သည်။
ယင်းသည်ကြီးမားသော ပြဿနာကြီးများကိုပေါ်ပေါက်စေသည်။ အစိုးရအနေနှင့် မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပန်းဆောင်ရွက်ခြင်းကို အစိုးရအေဂျင်စီများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဖြင့် စောက်ချလုပ်ကိုင်နေပြီး ပြည်သူလူထုကိုလည်း ယင်းလုပ်ငန်းကြီးတွင် အမျိုးသားရေးတာဝန် တရပ်အနေဖြင့်၎င်း နိုင်ငံသားတိုင်း၏ တာဝန်တရပ်အနေဖြင့်၎င်း လက်တွဲဆောင်ရွက်ကြပါရန် သမ္မတဦးဝင်းမြင့်က အဆိုပါ နှစ်ပတ်လည် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်နေ့တွင် တိုက်တွန်းတောင်းဆိုပြောကြားသွားခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အစိုးရ၏ ဆုပေးဒဏ်ပေးချဉ်းကပ်မှုအရ ကျောင်းသားများနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်ကို သတိပြုမိရန် လှုပ်ရှားမှုများလုပ်ရေး၊ ရပ်ရွာအခြေပြု ထိုးထွင်းဆောင်ရွက်မှုများလုပ်ရေး၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် မူးယစ်ကုထုံးများပေးရေးတို့ကို လုပ်ဆောင်ရန်လည်း သမ္မတက တောင်းဆိုခဲ့သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သူများနှင့် ရာဇဝတ်ဂိုဏ်းကြီးများကို စုံစမ်းဖော်ထုတ်ရန်နှင့် အကျင့်ပျက် ပျင်းရိဝန်ထမ်းများ ကိုရှာဖွေဖော်ထုတ်ရန် တို့ကိုလည်း သူကအလေးပေးပြောကြားခဲ့သည်။ လူ့အဖွဲ့အစည်း တရပ်လုံးအနေနှင့်လည်း ဤလုပ်ငန်းကြီးတွင် မိမိတို့ကျရာအခန်းမှ ပါဝင်ရန်လည်း သူက တောင်းဆိုပြောကြားခဲ့သည်။ ‘မူးယစ်ဆေးဝါးနှင့်ပတ်သက်လျှင် လုံးဝခွင့်လွှတ်မည်မဟုတ်’ ဟုလည်း သူကမှတ်မှတ်သားသားပြောကြားခဲ့သည်။

ငွေကြေးခဝါချမှုကိုကိုင်တွယ်ခြင်း

မြန်မာနိုင်ငံ၏ငွေမဲခဝါချမှုအကြောင်းပြောလျှင် အဓိကပြဿနာကဘာလဲဆိုသည်မှာ ရှင်းလှသည်။ မူးယစ်ဆေးဝါး မီးရှို့ပွဲအပြီး နောက်တရက် ဇွန်လ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က သူတို့ စစစ အဖွဲ့က စစ်ဆေးခဲ့ရသည့် ငွေကြေးခဝါချမှု အမှုများ၏ ၉၀% မှာ မူးယစ်ဆေးဝါးအမှုများနှင့် ဆက်စပ်နေသည်ဟု မီဒီယာများကိုပြောကြားခဲ့သည်။

စစစ အဖွဲ့က နိုင်ငံတကာငွေကြေးခဝါချမှုများ စုံစမ်းစစ်ဆေးခြင်းကို ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဌာန၊ ဘဏ္ဍာရေး စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့တို့နှင့် တွဲဖက်လုပ်ဆောင်သည်။ ထို့အတူပင် ထိုင်းရှိအလားတူအဖွဲ့များနှင့်လည်း သတင်း အချက်အလက်မျှဝေ ကာလက်တွဲဆောင်ရွက်လျက်ရှိသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၈-၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် လူ မြင်ကွင်း၌ ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများ၏ တန်ဘိုးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၀၁ သန်းရှိသည်ဟု ဆိုသည်။

ယခုှနှစ်တွင်တော့ တရုတ်နယ်စပ်မှ တရားမဝင် သယ်ဆောင်လာခဲ့ဖွယ်ရှိသည့် ဓါတုပစ္စည်းများဖြင့် ချက်လုပ်ထားသည့် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော ဘိန်းဖြူ၊ မက်တာအက်ဖက်တမင်း၊ အိုက်စ်နှင့် ဆူဒို အက်ဖက် တမင်းအပါအဝင် မူးယစ်ဆေးဝါး ၃၂ မျိုးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြောသည်။

ငွေကြေးခဝါချမှုကို သုတေသနပြုခြင်း

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် အခြားရာဇဝတ်မှုများမှရရှိသည့် ငွေကြေးများကို ထင်ထင်ရှား ရှားဖြစ်နေလျှင်ပင် ကွယ်ဝှက် ထားရန်လိုသည်မှာ ထူးခြားသည့်အချက်ဖြစ်သည်။ အာရှပစိဖိတ် ငွေကြေးခဝါချမှုအုပ်စု (APG) က မကြာသေးမီကထုတ်ပြန်ခဲ့သည့်  “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့များအား ဘဏ္ဍာရေးထောက်ပံ့မှု တားဆီးရေးလုပ်ငန်းများ - မြန်မာ- တတိယအကြော့ အပြန်အ လှန် အကဲဖြတ်အစီရင်ခံစာ” တွင် ‘မြန်မာနိုင်ငံသည် အလွန်များပြားသော ထူးခြားသည့်ေ ငွကြေးခဝါချမှု ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး ယင်းခြိမ်းခြောက်မှုများမှာ ကိုင်တွယ်ရန်လည်း ခက်ခဲသည်’ ဟု ရေးသားထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် မူးယစ်ကုန်ကူးမှုအပါအဝင် အန္တရာယ်များသည့်ရာဇဝတ်မှုများ၊ ကျောက်စိမ်း တူး ဖော်ခြင်းကဲ့သို့သော တရားမဝင်သယံဇာတ ထုတ်ယူခြင်း အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ တောရိုးင်းတိရိစ္ဆာန်များ မှောင်ခိုရောင်းဝယ်ခြင်း၊ တရားမဝင်သစ်ထုတ်ခြင်း၊ လူကုန်ကူးခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် လာဘ်ပေးခြင်းတို့ ငွေကြေးခဝါချမှုတွင် ပါဝင်နေသည်ဟု ထိုအစီရင်ခံစာက ဆိုထားသည်။

မြန်မာနိုင်ငံ၏ အန္တရာယ်ပုံရိပ်အနေအထားကို ပိုမိုဆိုးရွားလာစေသည့် ရှုပ်ထွေးပွေလီသော ပြဿနာများလည်း ရှိနေသည်။ ယင်းတို့တွင် တိုင်းပြည်၏ အတော်အတန်များပြားသည့် ဧရိယာကို အစိုးရမဟုတ်သည့်အဖွဲ့များ က ထိန်းချုပ်ထားခြင်း၊ အမြတ်အစွန်းကြောင့် လုပ်ကိုင်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ယင်းနှင့်ဆက်နွယ်နေ သည့် ငွေကြေးခဝါချမှုများ၏ ကြီးမားသောခြိမ်းခြောက်မှုများလည်း ယင်းပြဿနာများထဲတွင် အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်းအန္တရာယ်ကို ကာကွယ်တားဆီးခြင်းအပေါ် ယင်းနှင့် ဆက်စပ်ပတ်သက်နေသူ အာဏာပိုင်အများစုက ကျိုးကြောင်းခိုင်လုံစွာ နားလည်သဘောပေါက်ကြောင်း ပြသခဲ့ကြသော်လည်း ပိုမိုစိုးရိမ်စရာကောင်းသည့် ငွေကြေးခဝါချမှုအပေါ်တော့ ခိုင်ခိုင်လုံလုံ နားလည်သဘောပေါက်ကြောင်း သူတို့ပြသခြင်းမပြုခဲ့ကြဟု ထိုအစီရင်ခံစာက ဆက်လက်ရေးသားထားသည်။

“မြန်မာနိုင်ငံသည် သူတို့တွင်ရှိနေသည့် အန္တရာယ်အနေအထားနှင့်အညီ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင်ခြင်းမရှိခဲ့ဘဲ အခြားနည်းလမ်းများနှင့်လည်း ဆောင်ရွက်ခြင်းမရှိခဲ့။ ငွေကြေးခဝါချလုပ်ငန်းများ (MLA) ကို ရှင်းလင်စွာ ကတိကဝတ်ပြုထားခြင်းသော်၎င်း လက်တွေ့ ကျင့်သုံးခြင်းသော်၎င်း မတွေ့ရပါ။ မြန်မာနိုင်ငံသည် အထူးသဖြင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း မြန်မာနိုင်ငံ၏ တစုံလုံးအန္တရာယ်အနေထားကို ထည့်သွင်းစဉ်းစားလျှင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံအားဖြင့် ချို့တဲ့လျက်ရှိသည်ကို တွေ့ရသည်” ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ငွေကြေးခဝါချမှုကို သူတို့တိုက်ဖျက်နေကြောင်း မြန်မာအာဏာပိုင်များက အကျောက်အကန် ပြောကြားနေသည်။ သူတို့ဗဟိုအဖွဲ့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်းများကို နီးနီးကပ်ကပ် စောင့်ကြည့် အကဲခတ် လေ့လာ လျက်ရှိသည်ဟု မူးယစ်ဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ရဲဗိုလ်မှူးချုပ် ကျော်ကျော်သိန်းက ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို စစ်ဆေးနိုင်ရန်အတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်းများကို ၃ နှစ်တိုင်တိုင် အနီးကပ်စောင့်ကြည့် အကဲခတ်လေ့လာခဲ့သည် ဟုလည်း သူကဆက်လက်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်(AA) နှင့် တိုက်ပွဲများကြောင့် ပြဿနာများကြုံတွေ့နေရပြီး သည့်အရင်ကတော့ ရခိုင်ရိုဟင်ဂျာကယ်တင်ခြင်းတပ် (ARSA)ဟု အမည်ပေးထားသည့် အဖွဲ့က ပေးအပ်သည့် ပြဿနာများဖြင့် ကြုံခဲ့ရသည်။ ယင်းရိုဟင်ဂျာ ကယ်တင်ခြင်းတပ်က ရဲကင်းစခန်းများကို ၂၀၁၇ ခုနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကိုတုံ့ပြန်သည့် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက် အပြုံလိုက်ထွက် ပြေးခဲ့ကြရသူများလည်းရှိသည်။

စိုးရိမ်ရသောအကြောင်းရင်းခံ

အဓိကပြဿနာတရပ်မှာ အစိုးရ၏အုပ်ချုပ်မှုနှင့် သြဇာမှသီးခြားကင်းလွတ်တည်ရှိနေသော တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ (EAOs) တို့ကို မည်သို့ကိုင်တွယ် ထိန်းချုပ်မလဲဆိုသည့် ကိစ္စပင်ဖြစ်သည်။ အလားတူပင် တပ်မတော် သို့မဟုတ် အစိုးရစစ်တပ်နှင့် အပြန်အလှန် ပတ်သက်ဆက်နွယ်နေသည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များ၏ အရေးကလည်းရှိသေးသည်။ ယင်းတို့သည် တိုက်ရိုက်အားဖြင့်သော်၎င်း သွယ်ဝိုက်၍သော်၎င်း တရားမဝင်စီးပွါးရေးလုပ်ငန်းများ၏ ခွဲစိတ်မရသော အစိတ်အပိုင်းများဖြစ်နေသည်။ တခါတရံတွင်မူ အထက်မှညွှန်ကြားချက်အရ အဆိုပါလုပ်ငန်းများကိုလုပ်ကိုင်ကြပြီး အများအားဖြင့်မူ ပုဂ္ဂိုရေးလောဘနှင့် တဦးချင်းလိုအပ်ချက်များကြောင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထို့အပြင် တရုတ်ငွေကြေးနှင့်သြဇာဖြစ်သော တရုတ်ကကျောထောက်နောက်ခံ ပေးထားသည့် ကာစီနို လောင်းကစားဝိုင်းများ၊ တရုတ်ငွေကြေးများ၊ တရုတ်ငွေပေးချေရေး မိုဘိုင်းအက်ပ်များ အစရှိသည့် ပြဿနာများကို မည်သို့ကိုင် တွယ်ဖြေရှင်းမည်လဲဟူသော မေးခွန်းကလည်း ကျန်သေးသည်။

မြန်မာအာဏာပိုင်များ ရင်ဆိုင်နေရသောစိန်ခေါ်မှုများ အထူးသဖြင့် ငွေကြေးခဝါချမှုကို ကိုင်တွယ်ခြင်းကို အပြည့်အဝ နားလည်ရန်မှာ အဓိကနှင့်အငြင်းပွါးဖွယ် ပြဿနာကြီးဖြစ်သော မြောက်ပိုင်းရှမ်းပြည်နယ်သည် မူးယစ်စီးပွါးရေး သို့မဟုတ် မူးယစ်ပြည်နယ် ဟုတ်မဟုတ်ဟူသော မေးခွန်းကိုစေ့ငုရန်မှာ အရေးကြီးသည်။

ယင်းသည် နက်ရှိုင်းစွာအရိုးစွဲနေသော ပြဿနာကြီးဖြစ်သည်။ မူးယစ်ကုန်သွယ်မှုမှာ ကူမင်တန်တပ်များက ၁၉၄၉က ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်ကို ကွန်မြူနစ်များသိမ်းပိုက် အောင်ပွဲခံအပြီး တရုတ်ကူမင်တန် တပ်ကြွင်းတပ်ကျန်များက ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာကာ ထိုင်းနယ်စပ်တလျှောက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အခြေစိုက်စခန်းများ အစီအရီ တည်ထောင်နေထိုင်လာခဲ့ကြသည်။

ထိုအစောပိုင်းကာလများကမူ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ကုန်ကူးမှုပုံသဏ္ဍန်မှာ ဘိန်းစိမ်းကို ဘိန်းဖြူချက် လုပ်ခြင်း၊ မက်သာအက်ဖက်တမင်း ထုတ်လုပ်ခြင်း၊ စိတ်ကြွဆေး ထုတ်လုပ်ခြင်းတို့မှသည် ယခုအခါ အဆင့်မြင့် သန့်စင်ထားသော အိုက်စ် ထုတ်လုပ်ခြင်းသို့ေ ပြာင်းလဲလာခဲ့သည်။ သို့သော် သောင်းကျန်းမှုကိုငွေကြေးထောက် ပံ့ရန် မူးယစ်ကုန်သွယ်မှုကို အဓိကရင်းမြစ်အဖြစ် အားကိုးအားထားပြုနေရခြင်းမှာမူ မပြောင်းမလဲ တသမတ်တည်း ရှိနေသည်။ အစားလဲမထိုးနိုင်သေးပေ။ တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ချင်းစီအတွက် နယ်မြေထိန်းချုပ်ရေးနှင့် ထိန်းသိမ်းထားရေးအတွက်လည်း အဓိက ရေသောက်မြစ် ဖြစ်မြဲဖြစ်နေသည်။

ယခုအခါ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အမြတ်အစွန်းမှာအလွန်ကြီးမားလာနေပြီး ရှမ်းပြည်နယ်၏ တရားဝင်ပုံမှန် စီးပွါးရေးမှာ ယင်းနှင့်နှိုင်းယှဉ်လျှင် မဖြစ်စလောက် ပမာဏသာဖြစ်သွားပြီး ပြည်နယ်နိုင်ငံရေး ဘောဂဗေဒ၏ အလယ်ဗဟိုချက်မတွင် ရှိနေသည်။ မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ စုစုပေါင်းတန်ဘိုးမှာ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံကျော်အထိ ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြပြီး ယင်းပမာဏသည် ဆက် လက်၍လည်း အလွန်လျင်မြန်စွာ တိုးပွါးလာနေသည်။

ပါဝင်သူများနှင့် အစဉ်အလာ

နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ကမကြာသေးခင်က ထုတ်ပြန်လိုက်သည့် “မီးနှင့်ရေခဲ - မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါးများ” ဆိုသည့် အစီအရင်ခံစာအရ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသူများမှာ ‘အဆင့်ဆင့်ရှိနေပြီး တပ်မတော်၊ ထို့နောက် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပါဝင်နေသည့် ကြီးမားသော ပြည်သူ့စစ်အဖွဲ့များ၊ ဒေသတွင်း လုံခြုံရေးယူပေးနေသည့် တဆင့်ခံသေးငယ်သော ပြည်သူ့ စစ်အဖွဲ့များ၊ မူးယစ်ကုန်သွယ်မှုအပေါ် အခွန်အကေက် ကောက်ယူနေသည့် လက်နက်ကိုင်အဖွဲ့များ စသည်ဖြင့် ပါဝင်နေကြကာ အကျိုးအမြတ်များနှင့် ရသင့်သည့် လျော်ကြေးများ ရရှိနေကြသည်’ ဟု ဆိုသည်။ အခြားတနည်းဖြင့်ပြောရလျှင် လက်နက်ကိုင်သူများအားလုံး ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းသည် ကိုလံဘီယာနိုင်ငံ မယ်ဒီလင်းမြို့တွင် ၁၉၉၀ စုနှစ်များဆီက မူးယစ်ဂိုဏ်းများ၏ သွေးထွက်သံယို သတ်ဖြတ်မှုမျိုး မကြာသေးခင်က မက္ကဆီကို အမေရိကန်နယ်စပ် Ciudad Juarez နှင့် အခြားမက္ကဆီကို မြို့များတွင် ဖြစ်ပွါးခဲ့သော မူးယစ်အပြိုင်ဂိုဏ်းများကြောင့် ဖြစ်ပွါးသည့် သွေးထွက်သံယို အဖြစ်များမရှိခဲ့သော်ငြားလည်း သူ့တွင်လည်း မူးယစ်ကုန်သွယ်မှုနှင့် တိုက်ရိုက်မပတ်သက်သည့် တိုင်းရင်းသား အချင်းချင်းဖြစ်ပွါးသည့် ပဋိပက္ခများ ရှိနေပါသည်။

‘အဖြေမှာ လက်နက်ကိုင်ပဋိပက္ခနှင့် ရှမ်းမြောက်အတွင်း တရားမဝင်စီးပွါးရေးတို့ တိုးတိုက်မိကြခြင်းတွင်ရှိသည်။
ယင်းစီးပွါးရေးသည် အပြန်အလှန် မှီခိုနေရသော စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးလောက၊ ဆရာတပည့် ဆက်ဆံရေးရှိသည့် စီးပွါးရေးလုပ်ငန်းကြီးများ၊ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်းကြောင့်ဖြစ်ပြီး တတ်နိုင်သမျှ မူးယစ်ဆေးဝါးလို စီးပွါးရေးလုပ်ငန်းကြောင့် အချင်းချင်းတိုက်ခိုက်မှုမဖြစ်အောင် ရှောင်ရှားကြသည်’ဟု ICG အစီရင်ခံစာက ရေးသားထားသည်။

အတွေ့အကြုံရှိ အကဲခတ်တယောက်၏ ရှမ်းမြောက်မူးယစ်ဆေး လုပ်ငန်းအပေါ်အမြင်မှာ “သူတို့က သမဝါယမ ပုံစံ မျိုးလုပ်နေတာ။ တဦးထဲက ချုပ်ကိုင်ထားတယ်ဆိုတာမျိုး မရှိဘူး။ အဲဒါက လော်စစ်ဟန်တို့ ခွန်ဆာတို့ခေတ်နဲ့ မတူတာဘဲ။”

ယခုအခါသူတို့သည်တိုး၍ပင် ပညာသည်ဆန်လာကြသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကြီးများက ပမာဏ အများအပြားကို လွှမ်းမိုးချုပ်ကိုင် လုပ်ကိုင်နေကြသည်။ ထိုလုပ်ငန်းမှ မတရားရရှိထားသော စည်းစိမ်ဥစ္စာများကို လည်း သူတို့အနေနှင့် ကဲ့ဝှက်ထားဘို့လိုသည်။

ဒေသတွင်း စီးပွါးရေး၏ အစိတ်အပိုင်း

မူအားဖြင့်ပြောရလျှင် တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းမှရရှိလာသည့် အမြတ်ငွေများကို လျှော်ဖွတ်ခဝါချရန်မှာ မြန်မာနိုင်ငံတွင် သိပ်ကြီးသော ပြဿနာမဟုတ်ပေ။ ICG အစီရင်ခံစာ၏ အဆိုအရ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ပမာဏကို ခန့်မှန်းရန်ခဲယဉ်းသော်လည်း အကြားအမြင်များသော ဒေသခံများ၏အဆိုအရ ဒေသတွင်း ပြည်တွင်းထုတ်လုပ်မှု တန်ဘိုးစုစုပေါင်း GDP ၏အဓိက ပါဝင်ဖြည့်ဆည်းမှုကြီးဖြစ်သည်ဟု ဆိုသည်။ ရံဖန်ရံခါ ဒေသတွင်း မူးယစ်နှိမ်နင်းမှုများရှိလာခဲ့လျှင် ချက်ချင်းဆိုသလို စီးပွါးရေးလုပ်ငန်းတခုလုံး လှုပ်ရှားမှုများ လျော့ပါးသွားသည်။ ထို့အပြင် မက်သာအက်ဖက်တမင်း ရောင်းဝယ်မှုသည် ရှမ်းပြည်နယ်တွင်းနှင့် ပြည်နယ် နယ်နိမိတ်ကိုပင်ကျော်၍ အတော်အတန်များပြားသော စီးပွါးရေးလုပ်ဆောင်မှုများကို သွယ်ဝိုက်ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ မူးယစ်မှရသော ငွေကြေးအများအပြားကို ရန်ကုန်နှင့်မန္တလေးမြို့များရှိ အိမ်ခြံမြေ စျေးကွက်များအတွင်း လျှော်ဖွပ်ခဝါချကြသည်။ ဤကဏ္ဍသည် မကြားခင်သေးခင်နှစ်များအတွင်း နှေးကွေးကျဆင်းသွားခဲ့သော်လည်း မြန်မာ့စီးပွါးရေး၏ တိုးတက်မှုနှုန်းနှင့် အလုပ်အကိုင်ရရှိမှုကို တွန်းတင်ပေးနေသည့် အဓိက မောင်းနှင်အားဖြစ်သည်။

ဤရှုဒေါင့်မှကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယင်းတို့၏ရရှိငွေအများစုကို ဝပြည်နယ်မြို့တော် ပန်ဆန်းနှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ် (NDAA) မြို့တော် မိုင်းလားတို့ရှိ စည်ကားနေသော ကာဆီနိုလောင်းကစားရုံများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ငှက်ပျောနှင့်ရာဘာစိုက်ခင်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများစသည့် တရုတ်စီးပွါးရေး လုပ်ငန်းရှင်များလည်း အစုရှယ်ယာပါဝင်နေသည့် စီးပွါးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြသည်မှာ ထင်ရှားလှသည်။ ထို့အပြင် အစိုးရ က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF များအဖြစ် ပြောင်းလဲစေခဲ့သည့် ၂၀၀၉ ခုနှစ်အထိ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် သူ့ငွေအများအပြားကို မြန်မာနိုင်ငံထဲတွင် မြှုပ်နှံခဲ့သော်လည်း  ယခုအခါ တရုတ်ပြည်မှ ဘဏ်များတွင်သာ ရင်းနှီးမြှုပ်နှံထားသည်ဟုဆိုကြသည်။ မကြာခင် မိုင်းလားကလည်း ထိုအတိုင်း လိုက်လုပ်မည့်ပုံရှိသည်။ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲခိုင်းခြင်းကိုမူ တိုင်းရင်းသားအများစုက လက်မခံပယ်ချခဲ့ကြသည်။

မူးယစ်လုပ်ငန်းမှ အမြတ်ငွေများမှာ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းအဖြစ် အများအပြားနိုင်ငံအတွင်းရှိနေနိုင်သေး သော်လည်း အတော်အတန်များပြားသည့် ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် ငွေကြေးများမှာမူ ဒေသတွင်း ဘဏ္ဍာရေး ဗဟိုဌာနများတွင် ဒေသတွင်း ကာဆီနိုလောင်းကစားရုံများမှတဆင့် ကွယ်ဝှက်ထားကြလိမ့်မည်ဖြစ် သည်။

ဥပမာအားဖြင့် ဝအဖွဲ့၏ငွေကြေးခဝါချမှုလုပ်ငန်းများအဖြစ် Kings Romans Casino လောင်းကစားရုံတွင် လုပ်ခဲ့သည်ဟု ယူဆရသည်။ အမေရိကန် ဘဏ္ဍာရေးဌာနက လာအိုတောတွင်းရှိ အဆိုပါ လောင်းကစား အင်ပါယာကြီး တခုလုံးကို စီးပွါးရေးပိတ်ဆို့မှုများချမှတ်ခဲ့သည်။ ယင်းစီးပွါးရေး လုပ်ငန်းစုကြီးသည် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ တောရိုင်းတိရိစ္ဆာန်မှောင်ခိုကုန်ကူးမှုနှင့် ကလေးပြည့်တန်ဆာ လုပ်ငန်းများတွင် ပါဝင ်ပတ်သက်နေသည်ဟုဆိုသည်။

ယင်းနေရာကို ဟောင်ကောင်အခြေစိုက် Kings Romans International (HK) Co. Ltd. က ၁၀၂ စတုရန်းကီလို မီတာ (၃၉ စတုရန်းမိုင်) အကျယ်အဝန်းရှိ အထူးစီးပွါးရေးဇုံတွင် လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်သည်။ ယင်းစီးပွါး ရေးဇုံသည် မြန်မာနှင့်ထိုင်းနိုင်ငံတို့ကို အပေါ်စီးမှစီးမြင်နေရသည့် ၇ ကီလိုမီတာအရှည်ရှိ အထင်ကရ မဲခေါင်မြစ် ကမ်းပါးပေါ်တွင်တည်ရှိသည်။ ယင်းကာဆီနိုလောင်းကစားရုံသည် လာအိုနိုင်ငံမြောက်ပိုင်းရှိ Bokea အထူးစီးပွါး ရေးဇုံ(SEZ) ၏ အစိတ်အပိုင်းတရပ်ဖြစ်သည်။ ယင်းလုပ်ငန်းတွင် အခွန်လွတ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တရုတ် နိုင်ငံက ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါစီးပွါးရေးဇုံအတွင်း စီမံကိန်းလုပ်ငန်းများအတွက် ၉၉ နှစ် ဂရံချထားပေးသည်။ အဆိုပါအချိန်ကာလ ကျော်လွန်လျှင် ပိုင်ဆိုင်မှုအားလုံးကို လာအိုအစိုးရသို့ လွှဲပြောင်းပေးရမည်ဟု ရိုက်တာသတင်းဌာန အဆိုအရသိရသည်။ အဆိုပါကုမ္ပဏီသည် ရှားပါးမျိုးတုံးပျောက်ကွယ်တော့မည့် မျိုးစိတ်များဖြစ်သော အာရှနှင့်အာဖရိကတိုက်မှ မှောင်ခိုယူဆောင်လာသော ကျားနှင့်ဝက်ဝံ တို့ကိုပင် လာရောက်လည်ပတ်သည့် ဧည့်သည်များကို ဝယ်ယူခွင့်ပေးထားသည်ဟု ဗြိတိန်အခြေစိုက် ပတ်ဝန်းကျင်စုံစမ်းလေ့ လာမှုအေဂျင်စီ (Environmental Investigation Agency)၏ အပြောအရ သိရသည်။

မိုင်းလားသည်လည်း ကာဆီနိုလောင်းကစားရုံများကြောင့်ထင်ရှားသည်။ ယင်းတို့အထဲတွင် ဒိုင်းမွန်းအင်တာနေရှင် နယ် (Diamond International) နှင့် ဗီနီရှင်းကာဆီနို (Venetian Casino) တို့မှာ အထူးထင်ရှားသည်။ အခြား ရာဂဏန်းရှိသော လောင်းကစားရုံ အသေးစားလေးများမှာမူ တရုတ်ပြည်နှင့် ထိုင်း အခြားအရှေ့တောင်အာရှနိုင်ငံ အများအပြားမှ လာရောက်ကြသည့် ဖောက်သည်များအတွက်ဖြစ်သည်။ တရုတ်ပြည်အစိုးရက တိုင်တန်းသောကြောင့် ယင်းလောင်းကစားရုံများကို ၂၀၀၅ ခုနှစ်ကပိတ်ပစ်ခဲ့ရသည်။ ထိုသို့ပိတ်ထားမှုသည် တနှစ်ခန့်ကြာမြင့် ခဲ့သည်။

ငွေကြေးခဝါချခြင်းကို အထောက်အကူပြုနေသည့် စနစ်တရပ်မှာ ဟွန်ဒီဆိုသည့် မှောင်ခိုငွေလွှဲစနစ်ဖြစ်သည်။ ယင်းစနစ်သည် မြန်မာနိုင်ငံတွင်းနှင့် အဝေးရောက်မြန်မာများအကြား ခေတ်စားဆဲဖြစ်သည်။  ဟွန်ဒီ ဆိုသည်မှာ သက္ကတ ဘာသာစကားဖြစ်ပြီး ငွေလွှဲစာချုပ်ဟု အဓိပ္ပါယ်ရရှိသည်။ ခေတ်မီဘဏ်များ လုပ်ငန်း မဆောင်ရွက်နိုင်သေးသည့် နေရာများတွင် ထိုကွက်လပ်ကို ဟွန်ဒီစနစ်က အစားထိုး ဖြည့်ဆည်းပေးသည်။

သို့သော်အချို့သော ဝေဖန်သူများကမူ ဟွန်ဒီစနစ်သည် အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်းများနှင့် ဆက်စပ်နေသည်ဟု စောဒကတက်ကြသည်။ လွန်ခဲ့သောဆယ်စုနှစ် ၂ ခုကျော်အတွင်း တိုးပွါးလာသော ကမ္ဘာနှင့်အဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများကို ရည်ညွှန်းကာ သူတို့က မေးခွန်းထုတ်ကြခြင်းဖြစ်သည်။ ဟွန်ဒီငွေလွှဲစနစ်သည် ငွေလွှဲသူ ငွေလက်ခံသူတို့၏အမည်ကို မသိအောင်လုပ်ပေးထားသည့်အတွက် ရာဇဝတ်ကောင်များအနေနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် အခြားတရားမဝင်ရရှိထားသည့် ရံပုံငွေများကို ဖုံးကွယ်ထားရန် အသုံးချနိုင်စေသည်ဟု အချို့ကစောဒကတက်ကြသည် ဟု ၂၀၁၇ ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် Himalayan Times သတင်းစာပါ ‘ဟွန်ဒီ စနစ်၏ အကျိုးဆက်များ’ ဆိုသည့် ဆောင်းပါးတွင်ရေးသားထားသည်။

လက်နက်မှောင်ခိုလုပ်ငန်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) များ၏ လက်နက်ရေသောက်မြစ်သည် အဓိကအားဖြင့် တရုတ်ပြည်ဖြစ်ပြီး အနည်းအကျဉ်းသာ ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့မှလာသည်။ ထိုလက်နက်တင်ပို့ခြင်း တင်သွင်းခြင်းတို့အတွက် မူးယစ်လုပ်ငန်းမှရရှိသည့် ငွေများကို အဓိကအသုံးပြုနေကြသည် ဆိုခြင်းကို သံသယဖြစ်သူမရှိပါ။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းသည်ပင် မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ သဲသန်နေခြင်းဆိုသည့် ဆိုးသွမ်းသံသရာကိုဖြစ်ပေါ်စေသော အကြောင်းအချက်တခုဖြစ်သည်။

၁၉၆၀ စုနှစ်များနှင့် ၁၉၈၀ စုနှစ်များအတွင်း တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကိုလက်နက်တပ်ဆင် ပေးခဲ့ခြင်းနှင့် ယင်းတို့ပြိုကွဲသွားအပြီး ဆက်လက်ထောက်ပံ့ ပေးခဲ့ခြင်းတို့သည် အခြားနည်းလမ်းအားဖြင့်ကူညီခဲ့ ခြင်းဖြစ်သည်။ CBP ကိုပေးသည့် အကူအညီသည် အခမဲ့ဖြစ်ပြီး အယူဝါဒတူ လက်နက်ကိုင်ရဲဘော်များအတွက် တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ CPB မှပေါက်ဖွားလာခဲ့သည့် ကိုးကန့် (MNDAA)၊ ၀ အဖွဲ့ (UWSA) မိုင်းလားအဖွဲ့ (NDAA) တို့မှာမူ အပေးအယူ သဘောဆန်သည်။ သူတို့ကို ထောက်ပံ့သူများမှာ မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ယူနန်ပြည်နယ်အခြေစိုက် တရုတ်စီးပွါးရေး အဖွဲ့အစည်းများဖြစ်သည်။

ဝယ်ယူရရှိသည့် လက်နက်များကိုတဆင့်ခံ ပြန်လည်ရောင်းချခြင်းအပြင် ဝအဖွဲ့ (UWSA) သည် မိမိကိုယ်ပိုင် လက်နက်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်ရေးစက်ရုံကို စတင်ခဲ့သည်။ ယင်းနောက် ထိုလက်နက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြားနှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) နှင့် ယင်းတို့၏ မဟာမိတ်များကဲ့သို့သော အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများအား ပြန်လည်ရောင်းချခဲ့သည်။ ကချင်အထူးဒေသ (၁) ဟု ခေါ် ဆိုသော ယခုအခါနယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်နေပြီဖြစ်သည့် အမျိုးသား ဒီမိုကရေစီတပ်မတော်-ကချင် (NDA-K) ကလည်း လက်နက် တင်ပို့ရောင်းချသူများဖြစ်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။ ယင်းလက်နက်များကို တရုတ်လက်နက်များ ပုံစံတူကူးယူ၍ ယင်းတို့၏ လက်နက်စက်ရုံများတွင် ထုတ်လုပ်ကြခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တွင်လည်း လက်နက်စက်ရုံများရှိပြီး ယင်းတို့သည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများအပြားနှင့် အိန္ဒိယသောင်းကျန်းသူများကို ရောင်းချကြသည်ဟုဆိုသည်။ ၀ အဖွဲ့ကထုတ်လုပ်သော လက်နက်များတွင် တရုတ်ပုံစံ M–22 ချေမှုန်းရေးရိုင်ဖယ်၊ M–23 အပေါ့စား စက်သေနတ်တို့ ပါဝင်ပြီး ယင်းလက်နက်နှစ်မျိုးစလုံးတွင် အသုံးပြု၍ရသည့် ၇.၆၂ မမ ကျည်ဆံများလည်း ထုတ်လုပ်သည်။

အမြောက်လက်နက်ကြီးနှင့် အခြားလက်နက်များ ထုတ်လုပ်ရန် တရုတ်နည်းပညာရှင်များကို ဖိတ်ခေါ်ပြီး အဆင့် မြင့်သင်တန်းများလည်း ပေးထားသည်။ ဝအဖွဲ့သည် ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များကိုပင် ထိုလက်နက်စက်ရုံများမှ ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟုလည်း သုံးသပ်သူများရှိသည်။

၀ အဖွဲ့သည်ယင်းတို့၏ လက်နက်စက်ရုံများကို ၂၀၀၆ စက်တင်ဘာလ ကတည်းကပင် စတင်လည်ပတ်ခဲ့သည်ဟုဆိုသည်။ သို့သော် မြန်မာပြည်ရေးရာကျွမ်းကျင်သူ ဘာတီးလင်တနာ (Bertil Lintner) ကမူ ပန်ဆန်းမြို့နှင့်မဝေး ကွာလှသည့် ခွင်းမားမြို့ရှိ ဝအဖွဲ့၏လက်နက်စက်ရုံကို သူတို့အတွက် စိတ်ကသိကအောက် ဖြစ်ရသည့်အတွက် ပိတ်ပစ်ရန် တရုတ်က ၀ အဖွဲ့ကိုပြောခဲ့သည်ဟုဆိုသည်။ သို့သော် အဆိုပါ တရုတ်ထုတ်လုပ်သူများနှင့် ဖက်စပ်လုပ်ကိုင်နေသော လက်နက်စက်ရုံကို တရုတ်နိုင်ငံထဲသို့သော်၎င်း သို့မဟုတ် သူတို့နယ်မြေအတွင်းရှိ လျှို့ဝှက် နေရာတခုခုသို့ ရွှေ့ပြောင်းသွားသလား ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။

ကချင်အဖွဲ့ (KIA) ကလည်း လက်နက်အများအပြား ထုတ်လုပ်နေရာ ယင်းတို့တွင် M23 ပုံစံတူ ပုံစံ ၈၁ သေနတ်၊ လက်ဖြောင့် သေနတ်သမားသုံး အဝေးပစ်ရိုင်ဖယ်၊ လက်ပစ်ဗုံးများနှင့် ခဲယမ်းမီးကျောက်များ ထုတ်လုပ်နေသည်။ အဆိုပါစက်ရုံများကို တရုတ်လက်နက် ကျွမ်းကျင်သူများနှင့် လည်ပတ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကချင်အဖွဲ့ က လွှဲပြောင်းရယူခဲ့သည်။ ယင်းလက်နက်များကို တအောင်အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ကို အစပိုင်း ပြန်လည်ပျိုးထောင်တည်ထောင်ရာတွင် အသုံးပြု တပ်ဆင်ပေးခဲ့သည်မှာ သေချာသည်။ ထို့အပြင် အခြားတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ထုံးစံအတိုင်းတပ်ဆင်ပေးခဲ့သည်။ ထို့အတူ အခြားလက်နက်ကိုင်အဖွဲ့ များသို့ မရောင်းချခဲ့ဟုလည်း မပြောနိုင်ပါ။

စုစုပေါင်းအင်အား ၇ သောင်းခန့်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် လက်နက်ဝယ်လိုအားမှာ အလွန် ကြီးမားသည့်အတွက် လက်နက်မှောင်ခို ရောင်းဝယ်ရေးလုပ်ငန်းသည် အလွန်အမြတ်အစွန်းများသော လုပ်ငန်း ဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ၀ အဖွဲ့ (UWSA) ကချင်အဖွဲ့ (KIA ) နှင့် ကချင်အထူးဒေသ ၁ အဖွဲ့ (NDA-K) တို့သည် ဤစီးပွါးရေးလုပ်ငန်းကြီးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေကြသည်။ ယခုအခါ တအောင်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့သည်လည်း မိမိတို့ကိုယ်ပိုင် လက်နက်စက်ရုံများကို ၂၀၁၇ မတ်လအ တွင်း ပန်ဆေးပြည်သူ့စစ်၏ ကာဆီနိုလောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာမှရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၃ သန်းဖြင့် ကိုးကန့်နယ် လောက်ကိုင်တွင် တည်ဆောက်ရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

ဝအဖွဲ့ (UWSA) ၏စစ်အင်အား

မကြာမီက ဝပြည်နယ်တွင်ပြသခဲ့သော ပစ်ခတ်နိုင်စွမ်းအားကိုကြည့်၍ အချို့က တအံ့တသြဖြစ်ခဲ့ကြသည်။
၀ တပ်ဖွဲ့( UWSA) တည်ထောင်သော အနှစ် ၃၀ မြောက် နှစ်ပတ်လည် အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် အနှစ် ၃၀ မြောက် နှစ်ပတ်လည် နေ့လည်းဖြစ်သည်။

သူ၏စစ်အင်အားကိုပြသရာ၌ ဝတပ်ဖွဲ့သည် ရဲမေများအပါအဝင် စစ်သည်အင်အား ၇၆၀၀၊ လက်ဖြောင့်တပ်ဖွဲ့များ၊ ခေတ်မီလက်နက်များတို့ကို စစ်ရေးပြ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည်။ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နှင့် ဒရုန်းယဉ်မျာအပါအဝင် လေကြောင်းကာကွယ်ရေး လက်နက်ကြီးများကိုလည်း တခမ်းတနား ထည့်သွင်းပြသခဲ့ သည်။ ယင်းတို့ကို အဆိုပါစစ်ရေးပြအခမ်းအနားသို့ ဖိတ်ကြားခံရသည့် ဓါတ်ပုံသတင်းထောက်များက အလုအယက် ဓတ်ပုံရိုက်ယူခဲ့ကြသည်။

၀ တပ်ဖွဲ့ပိုင်စစ်လက်နက်များထဲတွင် တရုတ်ခြေလျင်တပ်သုံး ခေတ်မီလက်နက်အများအပြား ပါဝင်သည်။ ယင်းတို့ တွင် တရုတ်လွတ်မြောက်ရေးတပ်မတော် (PLA) က ၂၀၀၀ စုနှစ်များတွင်မှ အများအပြား မှာယူတပ်ဆင်ခဲ့သော QBZ-95 ချေမှုန်းရေး ရိုင်ဖယ်လည်းပါဝင်သည်။ ထို့အပြင် ၀ တပ်ဖွဲ့တွင် လေကြောင်းရန် ကာကွယ်ရေး လက်နက် များဖြစ်သည့် ရေဒါစခန်းများနှင့် ပခုံးထမ်းလေယဉ်ပစ်ဒုံးပစ် လောင်ချာ (MANPADS) တို့ကိုလည်း တပ်ဆင်ထားပြီး ဖြစ်သည်။

ခန့်မှန်းခြေ အင်အား ၄ သောင်းခန့်ရှိသည့် ၀ တပ်ဖွဲ့သည် ကမ္ဘာပေါ်ရှိ အစိုးရမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့ များထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ အချို့သော နိုင်ငံများရှိ လက်နက်ကိုင် တပ်မတော်များနှင့် အင်အားဆတူနီးပါး ခန့်ရှိသည်။

ထိုသို့ ၀ တပ်ဖွဲ့က စစ်ရေးအင်အားကို ထုတ်ဖော်ပြသခဲ့သည့်အတွက် တပ်မတော်အနေနှင့် အထူးစိတ်မသက်မသာ ဖြစ်ခဲ့ရသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါ အနှစ် ၃၀ ပြည့်အခမ်းအနားတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားသည် စင်ပြိုင်တပ်မတော်တရပ်သဖွယ် ဖြစ် နေပြီး ယင်းသို့မလုပ်ဆောင်သင့်ကြောင်း နေပြည်တော်တွင် ဇွန်လ ၃ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် မှတ်ချက်ပေးပြောကြားခဲ့သည်။

“ဒါဟာ တပ်မတော်ကိုသာမက အစိုးရကိုလည်း စင်ပြိုင်သဖွယ်ပြုမူ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် စိုးနိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖြည့်စွက်ပြောကြားခဲ့သည်။ “တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ ၀ တပ်ဖွဲ့ရဲ့ အဆိုပါစစ်အင်အားပြသမှုကို အစွမ်းကုန်သည်းခံနေခဲ့ရသည်” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

လက်တံကရှည်လွန်းသည်

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုတို့ဖြင့် ရစ်ပတ်ဆက်နွယ်နေသည့် နိုင်ငံရေးဘောဂ ဗေဒမှာ ရှမ်းပြည်နယ်တွင်သာမက တနိုင်ငံလုံးသို့ပါ ပျံ့နှံ့သွားခဲ့ပြီး သက်ဆိုင်ရာဒေသတွင်း မြို့တော်များသည်လည်း တရားမဝင် မူးယစ်ဆေးဝါး ပို့ကုန်လုပ်ငန်း၏ စျေးကွက်များ ဖြစ်လာကြသည်။
စောစောက ဖော်ပြခဲ့သည့်အတိုင်း မူးယစ်ဆေးဝါး ခြိမ်းခြောက်မှုအန္တရာယ်နှင့် ယင်းနှင့်နောက်ဆက်တွဲပါလာသော ငွေကြေးခဝါချမှု ပြဿနာတို့ကို မြန်မာနိုင်ငံက ခက်ခက်ခဲခဲ တွန်းလှန်တိုက်ဖျက်နေရသည်။ ထိုအခြေအနေကို ပိုမို ဆိုးရွားသွားစေသည့် အချက်မှာ ပြည်တွင်းလက်နက် ထုတ်လုပ်ရောင်းချခြင်း တင်ပို့ခြင်းနှင့် စစ်ပွဲသုံး လက်နက်များ ပျံ့ပွါးသွားသည့်အချက်ဖြစ်သည်။

မြန်မာဘဏ္ဍာရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ (MFIU) သည် ငွေကြေးခဝါချခြင်း၊ အကြမ်းဖက်အဖွဲ့များသို့ ငွေကြေး ထောက်ပံ့ခြင်း၊ သို့မဟုတ် အခြားဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများ တောင်းယူခြင်း၊ လက်ခံခြင်း၊ စိစစ်ခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်သည့် အစိုးရ၏ ဗဟိုအဖွဲ့အစည်းတရပ် ဖြစ်သည်။ ယင်းအဖွဲ့၏ ရည်မှန်းချက်တာဝန်မှာ ငွေကြေးခဝါချခြင်း၊ ယင်းနှင့်ဆက်စပ်သည့် ဘဏ္ဍာရေးပြစ်မှုများ၊ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့်ပြစ်မှုများကို တားဆီးကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် လက်နက် များပျံ့ပွါးခြင်း၊ လူအများသေကြေ ပျက်စီးနိုင်သည့် လက်နက်များအတွက် ငွေကြေထောက်ပံ့ခြင်းတို့ကို ကာကွယ် တားဆီးရန်နှင့် ယင်းလုပ်ငန်းများမှ ရရှိလာသော ပိုင်ဆိုင်မှုနှင့် ရရန်ပိုင်ခွင့်များကို ထုတ်မရအောင်ထိန်းသိမ်းထား ခြင်းတို့လည်း ယင်းအဖွဲ့၏ရည်မှန်းချက်တာဝန်တွင် ပါဝင်သည်။

ဤနေရာတွင် မေးခွန်းတခုပေါ်ပေါက်လာသည်မှာ မြန်မာအစိုးရ အာဏာစက်မှ ကင်းလွတ်နေပြီး သီးခြားနိုင်ငံရေး အဖွဲ့အစည်းများအဖြစ် ရပ်တည်နေသည့် ကချင်၊ ၀ အဖွဲ့၊ မိုင်းလားအဖွဲ့တို့နှင့် စပ်လျဉ်းပြီး ထိုတာဝန်များကို မည်သို့ ထမ်းဆောင်မည်ဆိုသည့် အချက်ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ယင်းတို့မတရားရရှိထားသည့်ငွေအများစုကို ၀ အဖွဲ့မြို့တော် ပန်ဆန်း နှင့် မိုင်းလားအဖွဲ့မြို့တော် မိုင်းလား တို့ရှိ စည်ကားလှသည့် လောင်းကစားရုံများ၊ သတ္တုတူးဖော်ရေး လုပ် ငန်းများ၊ ငှက်ပျောနှင့်ရာဘာစိုက်ခင်းများ၊ အိမ်ခြံမြေ တည်ဆောက်ရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများ အစရှိသည့် တရုတ်စီးပွါးရေးလုပ်ငန်းရှင်များ အစုရှယ်ယာ အများအပြားပါသည့် စီးပွါး ရေးလုပ်ငန်းများတွင် သွားရောက်မြှုပ်နှံထားကြသည်။

ထို့အပြင် ဝအဖွဲ့သည် ၂၀၀၉ မတိုင်ခင်က မြန်မာနိုင်ငံအတွင်းတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား ခဲ့သည်ဟုဆိုသော်လည်း အစိုးရကယင်းတို့ကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အတင်းအကြပ် ပြောင်းခိုင်းသည့် အချိန်ကစ၍ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့မြှုပ်နှံထားကြပြီး မိုင်းလားအဖွဲ့ကလည်း မကြာမီ ထိုအတိုင်းလိုက်လုပ်တော့ မည်ဖြစ်သည်။ ထိုနယ်ခြားစောင့်တပ်ဖွဲ့ပြောင်းရေး ကြိုးပန်းချက်မှာမူ အောင်မြင်ခြင်းမရှိခဲ့ပါ။

တရားမဝင် ကုန်သွယ်ရေးနှင့် ငွေကြေးခဝါချမှုမှ ရရှိသည့်ငွေကြေးများကြောင့် တရုတ်မြန်မာနယ်စပ်ဒေသသည် ဖွံ့ဖြိုးလာခဲ့သည်။ ဆင်းရဲခေတ်နောက်ကျသော ဒေသအဖြစ်မှ ခေတ်မီမြို့ကြီးများဖြစ်လာခဲ့သည်။ ၀-မိုင်းလား ဝင်ရိုးစွန်း အဖွဲ့၏အောင်မြင်မှု အသီးအပွင့်များအဖြစ် ၀ မြို့တော် ပန်ခမ်း သို့မဟုတ် ပန်ဆန်းနှင့် မိုင်းလားအဖွဲ့မြို့တော် မိုင်းလားတို့၏ ဖိတ်ဖိတ်တောက်နေသော မြို့ကြီးများက သက်သေပြနေသည်။ ထိုမြို့ကြီးနှစ်မြို့တွင် ၂၄ နာရီမပြတ် လျှပ်စစ်ဓတ်အားရသည်၊ ကတ္တရာလမ်းများရှိသည်၊ ခေတ်မီ အဆောက်အဦများရှိသည်၊ ထို့အတူပြည့်တန်ဆာ ရုံများလည်းရှိသည်။ ယင်းအရာအားလုံးသည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုအပြီး အနှစ် ၃၀ အတွင်း ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်သည်။

မြန်မာအစိုးရအတွက် စိန်ခေါ်မှုကြီးမှာ သူ့ထိန်းချုပ်မှု အနည်းငယ်သာရှိသည့် သို့မဟုတ် လုံးဝမရှိသည့် ဒေသများ တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ ငွေကြေး ခဝါချမှု တည်းဟူသော အရှုပ်ထုတ်ကြီးများကို မည်သို့မည်ပုံရှင်းမလဲ ဆိုသည့်အချက်ပင်ဖြစ်သည်။
ဤအရှုပ်ထုပ်ကြီးများကို ဖြေရှင်းနိုင်မည့် လမ်းစရပြီဆိုလျှင် ရှေ့ဆက်တိုး၍ရပြီဆိုလျှင် ပြီးပြည့်စုံသည့်နိုင်ငံရေးအရ ဖြေရှင်းမှုကြီးကို ဒေသတွင်းတွင် မလွဲမသွေ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ အချို့ကတော့ အသက်ပင်မရှူနိုင်ဘဲ စောင့်ကြည့်နေကြသည်။

 

 

Mizzima Weekly