စက်တင်ဘာ ၂၅ ။ ။ ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စက်တင်ဘာ ၂၄ ရက်က ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် လူ ၁၉ ဦးထက်မနည်း သေဆုံးကာ အခြား လူ ၃၀၀ လောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။
ယင်း ငလျင်ကြောင့် လမ်းမတွေပေါ်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်စေခဲ့ပြီး အဆောက်အအုံတွေလည်း ကြီးကြီးမားမား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ချိန်မှာ နိုင်ငံတစ်ဝှမ်း မြို့တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ကြောက်လန့်တကြား လမ်းတွေပေါ် ပြေးထွက်ခဲ့ကြရပါတယ်။
ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင် ဗဟိုချက်ကတော့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်က Mirpur မြို့အနီး၊ ပန်ဂျပ် ပြည်နယ် Jhelum မြို့ရဲ့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာ ဖြစ်တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ရဲ့ ဒေတာတွေအရ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာ ဘယ်လောက်ကြီးသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ယင်း ဧရိယာမှာပဲ ၂၀၀၅ ခုနှစ်က အားပြင်းငလျင်တစ်ခု လှုပ်လို့ လူထောင်ချီ သေဆုံးထားခဲ့ရပါသေးတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/