နိုင်ငံရေး အကျဉ်း သားများအပေါ် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ရပ်တန့်ပေးရန်တောင်းဆို

နိုင်ငံရေး အကျဉ်း သားများအပေါ် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ရပ်တန့်ပေးရန်တောင်းဆို

စက်တင်ဘာ ၂၄၊ လွိုင်ကော် ။         ။ နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ် ခြောက် ဦးက နိုင်ငံရေး အကျဉ်းသားများအပေါ် စိတ်ပိုင်းဆိုင်ရာနှင့်  ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ရပ်တန့်ပေးရန် ယခုရက်ပိုင်းအတွင်း  ထောင်တွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း ၄င်းတို့၏ ၁၃ ကြိမ်မြောက် ရုံးထုတ်တွင် ပြောသည်။

 “ထောင်တွင်းကတော့ သတင်းတွေတင်းကျပ်တာရှိတယ်၊ ဧည့်တွေ့ခွင့်တွေကို ပိတ်တာရှိတယ်၊ အခုလောလောဆယ် တော့ ကျနော်တို့ကို တိုက်ခန်းထဲမှာ ပိတ်ထားပြီ အပြင်ကို ပေးမထွက်တဲ့ အနေ အထားမှာရှိတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကရင်နီလူငယ် ဒီးဒီး ( ခ ) စစ်မုန်းက ပြောသည်။

နိုင်ငံရေးသမားများကို စိတ်ပိုင်းဆိုရာ ဖိနှိပ်မှု အပါအဝင် တရားစွဲဆိုခံထားရသည့်  တောင်သူများကို ၄င်းတို့နှင့်အတူ နိုင်ငံရေးအကျဉ်းသားများကဲ့သို့ ထားရှိပေးရေး၊ နှိင်ငံရေး အကျဉ်းသားနှင့် ရိုးရိုး အကျဉ်းသားများကို ရန်တိုက်ပေးခြင်းများကို ရပ်တန့်ပေးရန် ကရင်နီလူငယ်များက ဆန္ဒပြ တောင်း ဆိုခဲ့ကြသည်။

ယနေ့ရုံးထုတ်တွင်  ဒီးဒီး ( ခ) စစ်မုန်းနှင့် ဂျွန်ပေါ်လ် တို့ကို စစ်ဆေးခဲ့ရာ ကိုဂျွန်ပေါ်လ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၈ ) တွင်  ပြဌာန်းထားသည့်  ပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ရှိကြောင်း ဖော်ပြထားသဖြင့်  အဆိုပါ ပြဌာန်းချက်ကို အတည် ပြုပြီး မိမိတို့သည်  ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းနှင့်  ဝန်ကြီးချုပ်အချုပ်အပါအဝင်  စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို  လေးစားခြင်း မရှိသည့် အတွက် ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ကယားပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးနှင့်  ကြေးရုပ်ဖြစ်မြောက်ရေး  ကော်မတီ အဖွဲ့တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဟု ကရင်နီ လူငယ်များက မတ်လ ၂၅ ရက်နေ့တွင်  လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းကြောင့်  ပြည်နယ် အစိုးရက လူပုဂ္ဂိုလ် ဆိုင်ရာ လွတ် လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ( ၁ဝ ) ဖြင့် တရားစွဲခံခြင်း ဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly