ပါလီမန် ဆိုင်းငံ့ထားဖို့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက် ဥပဒေနဲ့ မညီဟု တရားရုံးချုပ် အမိန့်ချ

By BBC
24 September 2019
ပါလီမန် ဆိုင်းငံ့ထားဖို့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက် ဥပဒေနဲ့ မညီဟု တရားရုံးချုပ် အမိန့်ချ

စက်တင်ဘာ ၂၄ ။       ။ဗြိတိန် ပါလီမန်ကို ဆိုင်းငံ့ထားဖို့  ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်ကတော့ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘဲ တရားမဝင်ကြောင်း ဗြိတိန်နိုင်ငံ တရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်အနေနဲ့ ယခုလအစောပိုင်းမှာ ဗြိတိန် ပါလီမန်ကို သီတင်းပတ် ငါးပတ်ကြာ ရပ်ဆိုင်းထားစေခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၃၁ ရက် Brexit deadline မတိုင်မီ ပါလီမန်ရဲ့ တာဝန်ဝတ္တရားတွေ ဆောင်ရွက်မှုကို ရပ်တန့်စေခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ပါတယ်။

ယခု အမိန့်ချမှတ်မှုနဲ့ပတ်သက်လို့ လက်ရှိမှာ သုံးသပ်ဆောင်ရွက်နေလျက်ရှိကြောင်း ဒေါင်းနင်းလမ်းက ထုတ်ပြန်ပါတယ်။

တရားရုံးချုပ်က သုံးသပ်ချက် ထုတ်ပြန်ရာမှာ တရားလွှတ်တော်ချုပ် ဥက္ကဌ Brenda Hale က “ ကျွန်မတို့ ဒီမိုကရေစီရဲ့ အခြေခံတွေအပေါ် ဒီဟာရဲ့ သက်ရောက်မှုက ပြင်းထန်နေခဲ့ပါတယ်” လို့ ပြောသွားပါတယ်။

“ ပါလီမန်ကို ဆိုင်းငံ့စေဖို့ ဘုရင်မကြီးကို အကြံပေးတဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီပါဘူး၊ ဘာလို့ဆိုတော့ ဒီ ဆုံးဖြတ်ချက်ကြောင့် ဖွဲ့စည်းပုံထဲမှာ ပြဌာန်းထားတဲ့တာဝန်တွေအတိုင်း ပါလီမန်ရဲ့ ထမ်းဆောင်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့လို့ပါ” လို့လည်း Brenda Hale က ပြောသွားပါတယ်။

ယခု တရားရုံးချုပ် အမိန့်ချမှတ်မှုကတော့ တရားရုံးမှာ ရုံးထိုင်တဲ့ တရားသူကြီး ၁၁ ဦးစလုံးက တစ်ညီတစ်ညွတ်တည်း ချမှတ်မှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါတော့ ရှေ့ ဘာဆက်လုပ်ရမယ်ဆိုတာနဲ့့ပတ်သက်လို့ ဗြိတိန် ပါလီမန်တွေရဲ့ ဥက္ကဌတွေက ဆုံးဖြတ်ကြရတော့မှာဖြစ်ကြောင်း Brenda Hale က ပြောပါတယ်။

ယင်းနောက် ယခု တရားရုံးချုပ် အမိန့်ချမှတ်မှုကို ကြိုဆိုကြောင်း အောက်လွှတ်တော် ဥက္ကဌ John Bercow က ပြောသွားပါတယ်။ ဒါ့အပြင် ပါလီမန်အနေနဲ့ အချိန်ဆွဲခြင်း မရှိဘဲ အစည်းအဝေး ပြန်ခေါ်ယူသွားမယ်လို့ ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly