ဟံသာဝတီနှင့်ပွဲတွင် ရခိုင်စည်တော်ကြီးဖြင့် ရခိုင်ပရိသတ်များ အားပေးမည်

ဟံသာဝတီနှင့်ပွဲတွင် ရခိုင်စည်တော်ကြီးဖြင့် ရခိုင်ပရိသတ်များ အားပေးမည်
၂၀၁၅ ခုနှစ် နေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်း။ (ဓာတ်ပုံ - MFF)

အောက်တိုဘာ ၁၅၊ ရန်ကုန်။         ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၀ တန်းဆင်းဇုန်အတွက် အရေးပါသည့် အဆုံးအဖြတ် ပွဲစဉ်တစ်ပွဲဖြစ်သော ရခိုင်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီအသင်းတို့ပွဲစဉ်တွင် ရခိုင်အသင်းပရိသတ်များမှ ရခိုင်စည် တော်ကြီးဖြင့် တီးခတ်အားပေးမည်ဟု ရခိုင်ယူနိုက်တက်အသင်း မန်နေဂျာ(စီမံ) ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ ၁၉ ပွဲကစားပြီးချိန်တွင် ရမှတ် ၁၈ မှတ်စီဖြင့် အမှတ်ပေးဇယား အဆင့် ၉၊ ၁၀ ဖြင့် အထက်/အောက် ရပ်တည်နေကြသည်။

၂၀၁၅ ခုနှစ် နေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ တန်းဆင်းဇုန်အတွက် အရေးပါသော ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတု့ိပွဲကို အောက်တိုဘာ ၁၈ ၊ ညနေ ၄း၀၀ နာရီတွင် အောင်ဆန်းကွင်း၌ ကစားမည်ဖြစ်သည်။ ' ၁၈ ရက်နေ့ပွဲက အသင်းအတွက် အရမ်းအရေးကြီး ပါတယ်။ အရမ်းအရမ်းကို အရေးကြီးပါတယ်။ ပရိသတ်အား လိုတဲ့အတွက် အသင်းအတွက် ပရိုမိုရှင်းလေး လုပ်ထားပါတယ်။ ပထမဆုံးလာမယ့် ပရိသတ်အယောက် ၁၀၀ ကို လက်မှတ်အခမဲ့ပေးမယ်။ ပရိသတ် တီရှုပ်၊ ခေါင်းစီးတွေ ဝေဖို့ရှိတယ်။ ရခိုင် စည်လဲ တီးပါမယ်။ အခြားသော အားပေးမယ့် အစီအစဉ် တစ်ခုလဲ လုပ် ထားပါတယ်။ ဒါက ဖြစ်၊ မဖြစ်မသေချာသေးပါဘူး။ ရခိုင်စည်ကတော့ သေချာပါတယ်'ဟု အသင်း စီမံ မန်နေဂျာ  ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

ဟံသာဝတီအသင်း နှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျထားသည်။ ရခိုင်ယူနိုက်တက် အသင်းသည် ၂၀၁၅ အမှတ်ပေးလက်ကျန်ပွဲစဉ် သုံးပွဲတွင် ဟံသာဝတီအသင်း၊ ရတနာပုံအသင်း၊ ကမ္ဘောဇအသင်းတို့နှင့် ကစားရမည်ဖြစ်သလို ဟံသာဝတီအသင်းမှာ ရခိုင်ယူနိုက်တက်အသင်း၊ ကမ္ဘောဇအသင်း၊ နေပြည်တော်အသင်းတို့နှင့် ကစား ရမည်ဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်တွင် ယှဉ်ပြိုင်ကစားကြမည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့သည် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် လိဂ်-၂ ပြိုင်ပွဲသို့ တစ်ကြိမ် တန်းဆင်း ခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly