ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်းလုပ်သားများကို ထောက်ပံ့ငွေ ပေးအပ်

ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်းလုပ်သားများကို ထောက်ပံ့ငွေ ပေးအပ်
(ဓာတ်ပုံ -ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၂၃ ။       ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် ဂေါက်ကွင်းမှ အလုပ်ထုတ်ခံထားရသည့် ဂေါက်အိတ်ထမ်းလုပ်သား ၇၀ ဦးအား ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စက ကျွန်တော်တို့ အစိုးရနဲ့လည်း မဆိုင်ဘူး။ မြို့တော်ဝန်နဲ့လည်း မဆိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က အရင်လုပ်ခဲ့တဲ့ သူတွေ အစိုးရရဲ့ တာဝန်ကို ဆက်ခံရတဲ့အခါ ဒီပြဿနာကို ဖြေရှင်း ရတာပေါ့။" ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ထိုသို့ ပေးအပ်ရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က (၂၄၀၃၀၇၂၆) ကျပ် ၊ AK Group Co,ltd မှ (၂၄၀၃၀၇၂၆) ကျပ် ၊ Best Premium Co,ltd မှ (၇၈၄၇၇၀၇) ကျပ်အပါအဝင် စုစုပေါင်း ကျပ် (၅၅၉၀၉၁၅၉) အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ် မှ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ အထိ (Caddie Fee) ခေါင်းစဉ်ဖြင့် အလုပ်သမားများထံမှ ကောက်ခံသည့် ငွေကြေးများနှင့် ကယ်ရီ (booking) ကြေးများရှိပြီး ကျင်း ၉ ကျင်းပြီးပါက ၅၀၀ ကျပ် ပေးခဲ့ရ ကြောင်း ဂေါက်အိတ်ထမ်း အလုပ်သမားများကဆိုသည်။

"ဒီနေ့ ပေးတဲ့ ငွေဟာ ကျွန်တော်တို့ အရင်တုန်းက ခေါက်ကြေးအဖြစ်ပေးခဲ့ရတဲ့ ငွေကို ပြန်ပေးတာဖြစ်ပါတယ်။ အလုပ်ထုတ်လိုက်တဲ့အတွက် ပေးတဲ့ အလုပ်ထုတ်နစ်နာကြေး မဟုတ်ပါဘူး။ အလုပ်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက် လို့လည်း ဥပဒေနဲ့ အညီဖြစ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။"ဟု ရွှေမန်းတံခွန်အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ကိုကျော်နန်းဦး က ပြောသည်။

အဆိုပါ ဂေါက်အိတ်ထမ်းအလုပ်သမားအယောက် ၇၀ သည်၂၀၁၆ခုနှစ် စက်တင်ဘာလက အလုပ်ထုတ် ခံထားရခြင်းဖြစ်ပြီး ထိုစဉ်ကပင် အလုပ်ပြန်လည်ခန့်ထားရေးနှင့်လျော်ကြေး နစ်နာကြေးရရှိရန် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ရသည်။
 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly