FMI City အိမ်ရာကို အစိုးရသို့ ပြန်လည်လွှဲပြောင်းမည်

FMI City အိမ်ရာကို အစိုးရသို့ ပြန်လည်လွှဲပြောင်းမည်
Photo: FMI

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။       ။ လှိုင်သာယာ FMI City အိမ်ရာကို လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးတော့မည်ဟု သိရသည်။

၁၉၉၅ ခုနှစ်မှ စတင်ကာ ယင်းအိမ်ရာစီမံကိန်းကို FMI Garden Development Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် နေထိုင်သူ ၈ဝဝဝ နီးပါးနှင့် အိမ်ခြေ ၂ဝဝဝ နီးပါးခန့် ရှိသည်။

FMI City  စီမံကိန်းလုပ်ငန်းပြီးစီး၍ အိမ်ရာစီမံကွပ်ကဲမှုနှင့် စည်ပင်သာယာရေး လုပ်ငန်းတာဝန်လုပ်ငန်းများကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်မှ စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်သည်။

“FMI City ကို ၁၉၉၅ ခုနှစ်မှ စတင် အုတ်မြစ်ချတည်ဆောက်ခဲ့ပါတယ်၊ အဲဒီအချိန်ကတော့ လယ်ကွင်းပြင်ကြီးသာ ဖြစ်ပါတယ်။ မြေပိုင်ရှင်ဖြစ်တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ FMI တို့ ပူးပေါင်းကြိုးပမ်း တည်ဆောက်မှုများကြောင့် အခုလို စည်ကားဖွံ့ဖြိုးပြီး အဆင့်မြင့်မားတဲ့ အိမ်ရာတစ်ခု ရန်ကုန်မြို့မှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီအိမ်ရာစီမံကိန်းက ၁၉၉ဝ ပြည့်လွန်နှစ်များတွင် အရည်အသွေးမှာ စံပြုရတဲ့ အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်”ဟု FMI City ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လဲ့လဲ့ဝင်းက ပြောသည်။

၁၉၉၅ ခုနှစ်မှ စတင်ကာ အိမ်ရာနှင့်ပတ်သက်သည်များကို FMI Garden Development Ltd. မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခုအစိုးရသို့ ပြန်လည်လွှဲပြောင်းခြင်း ဖြစ်သည်။

“ယခုအခါမှာတော့ နိုင်ငံတော်ရဲ့ သက်ဆိုင်ရာသတ်မှတ် စည်းမျဉ်စည်းကမ်းများနဲ့အညီ တည်ဆောက်ပြီးစီးပြီးဖြစ်တဲ့ အိမ်ရာစီမံကိန်းကို အစိုးရအဖွဲ့အစည်းဖြစ်တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရမဲ့အချိန် ရောက်ရှိလာပြီ ဖြစ်ပါတယ်” ဟု First Myanmar Investment Public Co., Ltd. (“FMI”)၏ လုပ်ငန်းဆိုင်ရာအရာရှိချုပ် ဦးထွန်းထွန်းက ပြောသည်။

ယင်းအိမ်ရာသည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် တည်ရှိပြီး အားကစားကွင်း၊ စျေးဝယ်စင်တာ၊ အသားငါးအသီးအရွက်စျေး၊ ဘဏ်၊ စားသောက်ဆိုင်များနှင့် ပန်းဥယျာဉ်များပါဝင်သည့် လူနေအိမ်ရာတစ်ခု ဖြစ်သည်။

လက်ရှိတွင် FMI City ကို အမည်ပြောင်းရန် မရှိသော်လည်း အစိုးရသို့ ပြန်လည် လွှဲပြောင်းပြီးပါက အိမ်ရာနှင့် ပတ်သက်သောကိစ္စရပ်များသည် ကုမ္ပဏီနှင့်သက်ဆိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

အဆိုပါ နှစ်ရှည် အိမ်ရာစီမံကိန်းလွှဲပြောင်းခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly