နိုဝင်ဘာလ ရ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းခြေစမ်းမည်

နိုဝင်ဘာလ ရ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းခြေစမ်းမည်
၂၀၁၃၊ စက်တင်ဘာ ၆ရက်က မြန်မာအသင်းနှင့်ဟောင်ကောင်အသင်းတို့ခြေစမ်းပွဲကစားခဲ့စဉ်။ (ဓာတ်ပုံ- MFF)

အောက်တိုဘာ ၁၅၊ ရန်ကုန်။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့်    ခြေစစ်ပွဲစဉ်မတိုင်မီ   ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲကစားမည် ဖြစ်သည်။ အဆိုပါ နိုင်ငံတကာခြေစမ်းပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်တွင် ဟောင်ကောင်နိုင်ငံ၌ ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်ပြိုင်ပွဲ ပွဲစဉ် ငါးပွဲ ကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် လေးမှတ် ရရှိထားပြီး အမှတ်ပေးဇယား စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (ဆ) တွင် တောင်ကိုရီးယားအသင်က လေးပွဲကစား လေးပွဲနိုင် ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ကူဝိတ်အသင်းက ၁၀ မှတ်ဖြင့် ဒုတိယ၊ လက်ဘနွန်အသင်းက ခုနစ်မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

မြန်မာနှင့်ခြေစမ်းပွဲကစားမည့် ဟောင်ကောင်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(ဂ)တွင် ကာတာ၊ တရုတ်၊ မော်လ်ဒိုက်၊ ဘူတန် အသင်းများနှင့်တစ်အုပ်စုတည်းကျနေပြီး ငါးပွဲကစားပြီးရာတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ရရှိထားကာ အုပ်စု ဒုတိယနေရာတွင် ရပ်တည်နေသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၃ စက်တင်ဘာ ၆ ရက်က မြန်မာနိုင်ငံတွင် ခြေစမ်းပွဲကစားခဲ့ပြီး ဂိုးမရှိသရေကျထားသည်။

မြန်မာအသင်းသည် ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် နိုဝင်ဘာ ၁၂ ရက်၌ တောင်ကိုရီးယားအသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ကူဝိတ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly