စက်တင်ဘာ ၂၃ ။ ။ နီကိုဘား ကျွန်းစုအနီး အိန္ဒိယသမုဒ္ဒရာထဲတွင် ကန်ဒေါ်လာ ၄၂ သန်း တန်ဖိုးရှိ ကီတာမင်း တစ် တန်ကျော် တင်ဆောင်လာသည့် ရေယာဉ်တစ်စင်းနဲ့ မြန်မာနိုင်ငံသား ခြောက်ဦးကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၈ ရက်က အိန္ဒိယ အထူးစီးပွားရေးဇုန်ထဲမှာ မီးမှိတ်ပြီး မောင်းနှင်လာတဲ့ ရေယာဉ်တစ်စင်းကို အိန္ဒိယ ကမ်းခြေစောင့်တပ်က တွေ့ရှိပြီးနောက် ခုလို မူးယစ်ဆေးဝါး ကီလို ၁,၁၆၀ ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။
ယင်း ရေယာဉ်ပေါ်ပါ အမှုထမ်းတွေဟာ ရေဒီယိုကော ခေါ်ဆိုမှုကို ပြန်လည် မဖြေဆိုခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
“ ကနဦး စစ်ဆေးမှုတွေအရ ကီတာမင်း တွေကို တွေ့ထားပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ယခုအခါ မြန်မာ ခြောက်ဦးနဲ့ ယင်း ကုန်တွေကို ပို့ပလဲယား Port Blair မြို့ကို ခေါ်ဆောင်သွားပြီး ယင်းမှာ စုံစမ်းစစ်ဆေးရေးသမားတွေက စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
ထွက်ဆိုချက်အရ ၎င်းတို့ဟာ စက်တင်ဘာ ၁၄ ရက်က မြန်မာကနေ ထွက်ခွာလာခဲ့ကြပြီး ထိုင်း- မလေးရှား ပင်လယ်ရေကြောင်း နယ်နမိတ်လိုင်းအနီးမှာ အခြား သင်္ဘောတစ်စင်းနဲ့ ဆုံဖို့ အစီအစဉ်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/