တက္ကဆက် လူထုစုဝေးပွဲ ဒေါ်နယ်ထရမ့်နှင့် မိုဒီ အတူ တက်ရောက်

By AFP
23 September 2019
တက္ကဆက် လူထုစုဝေးပွဲ ဒေါ်နယ်ထရမ့်နှင့် မိုဒီ အတူ တက်ရောက်

စက်တင်ဘာ ၂၃ ။             ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ စက်တင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်အသိုင်းအဝိုင်းရဲ့ လူထုစည်းဝေးပွဲတစ်ခုမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီတို့ အတူတကွ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ပ ခေါင်းဆောင်တစ်ဦးအတွက် ရှားရှားပါးပါး ပြုလုပ်တဲ့ အဆိုပါလူထုစည်းဝေးပွဲမှာတော့ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ ရင်းနှီးနွေးထွေးစွာနဲ့ အပြန်အလှန် ချီးကျူးစကားတွေ ဆိုသွားခဲ့ကြပါတယ်။

သမိုင်းဝင် အခမ်းအနားတစ်ခုလို့ ထရမ့်က တင်စားပြောဆိုတဲ့ အဆိုပါ အခမ်းအနားမှာတော့ အိန္ဒိယ နွယ်ဖွားအများစုအပါအဝင် လူပေါင်း ၅၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

“အမေရိကရဲ့ အကြီးကျယ်ဆုံး၊ အရင်းနှီးဆုံး၊ သစ္စာ အရှိဆုံး မိတ်ဆွေတစ်ဦးဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ခုလို အတူရှိရတာ ကျွန်တော့်အတွက် တကယ် ပီတိဖြစ်မိပါတယ်” လို့ ထရမ့်က အခမ်းအနားတက်ရောက်လာသူ လူအုပ်ရှေ့မှောက်မှာ ပြောပါတယ်။

မိုဒီကလည်း အိန္ဒိယတို့အတွက် အိမ်ဖြူတော်မှာ စစ်မှန်တဲ့ မိတ်ဆွေတစ်ဦးရှိနေကြောင်း ထရမ့်ကို ညွန်းဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ ထရမ့်ဟာ နွေးထွေးမှုရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိတ်ဆွေဖြစ်ကြောင်း မိုဒီက ချီးကျူးသွားပါတယ်။

အဆိုပါ လူထုစည်းဝေးပွဲ တက်ရောက်လာသူတွေရှေ့မှောက်မှာ နှစ်ဦးသား တွေ့ဆုံစဉ် အစွန်းရောက်အကြမ်းဖက်မှုအပေါ် အတူတကွ မဆုတ်မနစ် တိုက်ဖျက်သွားရေးကိုပါ ကတိပြုကြောင်း ကြေညာသွားခဲ့ကြပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly