မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းကွင်းမှာ အသင်းရဲ့ အရှုံးရလဒ်ပိုင်းနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ပေမယ့် ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
သရဲနီတို့ဟာ လန်ဒန်ကွင်း (London Stadium)မှာ (၂-၀) ဂိုးဆိုတဲ့ အရှုံးရလဒ်နဲ့အတူ သူတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့် (၆)ပွဲကနေ ရမှတ် (၈)မှတ်သာ ရရှိထားပြီး (၂)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
"အနိမ့်အမြင့်ဆိုတာ ရှိနေလိမ့်မယ်လို့ ကျနော် အကြိမ်အများကြီး ပြောပါတယ်။"လို့ နော်ဝေနည်းပြက ပြောပါတယ်။
"ဒီကနေ့မှာတော့ ကျနော်တို့ ရမှတ်တွေ မယူနိုင်ခဲ့ဘူးဆိုတာ ကျနော်တို့တွေ လက်ခံရပါမယ်။ ဒီနေ့ပွဲ အနိုင်မရခဲ့လို့ ကျနော် စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် ဒီဟာတွေကနေပဲ ကျနော်ကတော့ အလွန်အကောင်းမြင်မှုရှိပါတယ်။"
တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအတွက် ဂိုးတွေကို ယာမိုလန်နဲ့ ခရက်စ်ဝဲလ်တို့က သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဧည့်သည်အသင်းအတွက် မာတာနဲ့ မက်ဂွိုင်းယားတို့က ကောင်းမွန်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အခုလို ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ဟာ ဒီလိုကြီးမားတဲ့ အခိုက်အတန့်တွေ ရလာတဲ့အခါ ကျနော်တို့မှာ ရှိတဲ့ အရည်အချင်းကို ထုတ်မပြနိုင်ခဲ့ပါဘူး။"လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။
"ပရီးမီးယားလိဂ်မှာ တကယ်လို့ ခင်ဗျာက ဒီလိုအခွင့်အရေးမျိုး အရမယူဘူးဆိုရင် ဘာရမှတ်တွေမှ ရမှာမဟုတ်ပါဘူး။ ဆိုတော့ ကျနော်တို့ ဒီနေ့ရလဒ်ကို လက်ခံပါတယ်။"
ဒါ့အပြင် ယူနိုက်တက်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့တာက ဒုတိယပိုင်းမှာ အဓိက တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် ပေါင်ခြံဒဏ်ရာရရှိမှုဖြစ်ပါတယ်။
အခုဆိုရင် ယူနိုက်တက်ရဲ့ ဒဏ်ရာရစာရင်းမှာ ပေါ့ဂ်ဘာ၊ မာရှယ်၊ လုခ်ရှောနဲ့ ဘိုင်လီတို့အပါအဝင် ရပ်ရှ်ဖို့ဒ်လည်း ပါဝင်လာပြီဖြစ်ပါတယ်။
Ref; AFP, BBC