အမေရိကန်လျှို့ဝှက်စစ်စခန်း Area 51 နား ဂြိုဟ်သားရှာသူတွေ စုရုံးရောက်ရှိ

By AFP
22 September 2019
အမေရိကန်လျှို့ဝှက်စစ်စခန်း Area 51 နား ဂြိုဟ်သားရှာသူတွေ စုရုံးရောက်ရှိ

နယူးယောက်၊ စက်တင်ဘာ ၂၂ ။          ။ အမေရိကန်နိုင်ငံ နီဗားဒါးကန္တရမှာ တည်ရှိတဲ့ လျှို့ဝှက်စစ်အခြေစိုက်စခန်း Area 51 နားမှာ လူဒါဇင်များစွာ သောကြာနေ့မှာ စုရုံးရောက်ရှိနေပါတယ်။

ဇွန်လအတွင်းက ဖေ့ဘုတ် meme တစ်ခုမှာ ဂြိုဟ်သားတွေကို ရှာဖို့ အဲဒီ စစ်အခြေစိုက်စခန်း Area 51 ကို ဝင်ရောက်စီးနင်းမယ်ဆိုပြီး လှုံ့ဆော်မှု ရှိထားတာဖြစ်ပြီး အခုအချိန်မှာ လူစုရုံးတဲ့အထိ ဖြစ်လာတာပါ။

Area 51 အနီး လာရောက်စုရုံးသူတွေဟာ ဒါဇင်များစွာ ရှိပြီး နံနက် သုံးနာရီလောက်ကတည်းက စုရုံးရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လာရောက်သူတွေထဲမှာ တစ်ချို့က ဂြိုဟ်သားမျက်နှာဖုံးတွေ၊ သံဘူးခေါင်းစွပ်တွေ ဝတ်ဆင်ထားသူတွေပါ ပါတာကို မြင်တွေ့ရပါတယ်။

ဒါပေမယ့် လုံခြုံရေး အထပ်ထပ်ချထားတဲ့ Area 51 နယ်မြေစခန်းဆီတော့ ဝင်ရောက်စီးနင်းတာမျိုး ကြိုးစားကြတာ မရှိပါဘူး။

ဂြိုဟ်သားတွေ ရှိနေတယ်ဆိုပြီး ကောလဟလတွေ ထွက်ပေါ်နေတဲ့ Area 51 ကို ဝင်ရောက်စီးနင်းစို့ဆိုပြီး နောက်ပြောင်တဲ့ ဖေ့ဘုတ် event တစ်ခု လုပ်ရာကနေ တကယ်စိတ်ဝင်စားပြီး ဝင်ရောက်စီးနင်းရာမှာ ပါဝင်လိုသူတွေ နှစ်သန်းကျော်မက ရှိလာခဲ့တာပါ။

ဇွန်လအတွင်းက စတင်တဲ့ ဖေ့ဘုတ်လှုပ်ရှားမှုမှာ “သူတို့တွေ ကျုပ်တို့အားလုံးကိုတော့ တားနိုင်မှာ မဟုတ်ဘူး။ ဂြိုဟ်သားတွေကို သွားတွေ့ကြစို့။”ဆိုပြီး ဖေ့ဘုတ် meme က လှုံ့ဆော်ရေးသားထားဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီ ပို့စ်ကို ဖေ့ဘုတ်က ဖြုတ်ချခဲ့ပါတယ်။

Area 51 တည်ရှိကြောင်းကို အစိုးရက ၂၀၁၃ ကမှ ဝန်ခံပြောဆိုထားတာဖြစ်ပြီး ခုလို ဖေ့ဘုတ် meme ကနေ ကျယ်ပြန့်လာတဲ့ အဲဒီ စခန်းကို ဝင်စီးမယ်ဆိုတဲ့အရေးမှာ စစ်တပ်က ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ထုတ်ထားပါတယ်။

Area 51 ကို ဖြတ်သန်းဝင်ရောက်ဖို့ ကြိုးစားသူ ဘယ်သူကိုမဆို အသက်အန္တရာယ် ဖြစ်လောက်မယ့် အင်အားသုံး တားဆီးမှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးချက် ထုတ်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly