ဇန်နဝါရီနောက်ပိုင်း ရခိုင်၊ ချင်း ပြည်နယ်တို့မှာ လူပေါင်း ၆၅,၀၀၀ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရဟု ကုလကျွမ်းကျင်သူ ပြော

ဇန်နဝါရီနောက်ပိုင်း ရခိုင်၊ ချင်း ပြည်နယ်တို့မှာ လူပေါင်း ၆၅,၀၀၀ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရဟု ကုလကျွမ်းကျင်သူ ပြော

ယခုနှစ်အတွင်း ရခိုင်နဲ့ ချင်း ပြည်နယ်တို့မှာ လူပေါင်းသောင်းချီ နေအိမ်တွေကနေ စွန်ခွာထွက်ပြေးခဲ့ကြရကြောင်း၊ မြန်မာစစ်တပ်ဘက်က တိုင်းရင်းသားရခိုင်လက်နက်များကို တိုက်ခိုက်ခဲ့ကြောင်း ကုလလူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်က စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

“ဇန်နဝါရီနောက်ပိုင်း ရခိုင်မြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် လူပေါင်း ၆၅,၀၀၀ အထိ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က ပြောပါတယ်။

ရက္ခိုင့်တပ် အေအေအဖွဲ့မှ လက်နက်ကိုင်များကို ကြိုးပမ်းချေမှုန်းရန်အတွက် ပြီးခဲ့တဲ့လတွေတုန်းက ယင်းဒေသတွေမှာ စစ်တပ်က တပ်ဖွဲ့ဝင်ထောင်ချီ တပ်ဖြန့်ထားခဲ့ပါတယ်။

ဂျီနီဗာရှိ ကုလလူ့အခွင့်အရေးကောင်စီသို့ အာရှနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ တင်ပြရာမှာ စစ်တပ်အနေနဲ့ အေအေကို တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ သုံးထားခဲ့တယ်လို့  Lee က ပြောဆိုသွားပါတယ်။

“ နှစ်ဘက်စလုံးဟာ အရပ်သားတွေရှိတဲ့ ဧရိယာတွေမှာ  လက်နက်ကြီးပစ်ခတ်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေ၊ မြေမြုှပ်မိုင်းတွေကို လက်လွတ်စပယ် အသုံးပြုနေမှုတို့ ရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်” လို့ သူမက ဆိုပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ပဋိပက္ခ ဒဏ်သင့် မြို့တွေမှာ လူသားချင်းစာနာမှု အကူအညီတွေကို ပြည်နယ်အစိုးရက ကြီးကြီးမားမား ဆက်လက်ကန့်သတ်ထားဆဲဖြစ်တဲ့အတွက် အနည်းဆုံး လူပေါင်း ၁၀၀,၀၀၀ လောက်ဟာ အကူအညီတွေ၊ အခြေခံ အထောက်အပံ့တွေ ချို့ငဲ့နေပါတယ်။

ဒါ့အပြင် ကာဖျူးအမိန့် ထုတ်ထားခြင်းကလည်း ပြည်သူတွေကို အသက်မွေးဝမ်းကြောင်းမှု၊ ဆေးဝါးကုသမှု ခံယူမှုနဲ့ ဘေးကင်းစွာ ဖြတ်သန်းမှုတို့ မရစေဘဲ တားဆီးပိတ်ပင်နေကြောင်း သူမက သတိပေးပါတယ်။

ဒေသမှာ လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် ထိမှန်မှု ဒါမှမဟုတ် ပစ်မှတ်ထားခံရမှုတို့ကြောင့် ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံးနေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်လက် ရရှိထားကြောင်း သူမက ပြီးခဲ့တဲ့လတွေတုန်းက ပြောပါတယ်။

ဒါ့အပြင် အေအေနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရခိုင်တိုင်းရင်းသားအမျိုးသားတွေကို စစ်တပ်က ဖမ်းဆီးပြီး သီတင်းပတ်တွေအကြာ ပြင်ပနဲ့ အဆက်အသွယ်ပေးမလုပ်ဘဲ ထိန်းသိမ်းခဲ့မှု သတင်းတွေကိုလည်း သူမက စိုးရိမ်ကြောင်း ပြောသွားပါတယ်။

ဇွန်လနောက်ပိုင်း ကျေးရွာ ခြောက်ရွာအထိ မီးရှို့ခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ပူပန်ကြောင်း သူမက ပြောပါတယ်။

ဒေသမှာ မိုဘိုင်း အင်တာနက်လိုင်းတွေ အစိုးရက ပိတ်ပင်ခဲ့ချိန်တုန်းက ဒီကိစ္စဖြစ်ခဲ့တာလို့ သူမက ဆိုပါတယ်။

ခုလို အင်တာနက် ဝန်ဆောင်မှုအားလုံး ရပ်ဆိုင်းခဲ့ခြင်းက နိုင်ငံတကာ ဥပဒေအောက်မှာ လျော်ကန်ခြင်း မရှိသလို ဒါက အခွင့်အရေးများစွာကို ချိုးဖောက်ခြင်းဟု Lee က ပြောပါတယ်။

“ ဒီ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့  ရန်လိုမှုတွေကို ရပ်ဆိုင်းရပါမယ်၊ ရခိုင်ပြည်သူတွေ တော်တော်လေး ခံစားထားရပါပြီ” လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂါလီ ၇၄၀,၀၀၀ ကျော် ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးစေခဲ့ပါတယ်။

မြန်မာမှာ ဆက်ရှိနေတဲ့ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ၆၀၀,၀၀၀ တွေဟာလည်း လူမျိုးတုန်း သတ်ဖြတ်မှု အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ကြုံနေတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်ကလည်း သီးခြား အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီ ဒုက္ခသည်တွေကို နေရပ် ပြန်ခေါ်ဖို့ လိုအပ်သမျှ လုပ်ထားပြီးဖြစ်ကြောင်း မြန်မာအစိုးရရဲ့ ပြောကြားချက်တွေကို Lee က ပယ်ချသွားပါတယ်။

“အကြမ်းဖက်မှု၊ နှိပ်စက်ညှင်းပန်းမှုစနစ်ကို ဖျက်သိမ်းဖို့ မြန်မာအနေနဲ့ ဘာမှ လုပ်မထားပါဘူး၊ ရခိုင်မှာ ဆက်ကျန်နေတဲ့ ဘင်္ဂါလီတွေဟာ အလားတူ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ နေထိုင်နေရပါတယ်” လို့ သူမက ပြောပါတယ်။

ဒါ့အပြင် ဂြိုဟ်တု ပုံရိပ်တွေအရ ကမ့်စခန်း ၃၄ ခု ထူထောင်ထားတာကို တွေ့ရကြောင်း၊ ယင်းရဲ့ ရည်ရွယ်ချက် အတိအကျကို ရှင်းရှင်းလင်းလင်း မသိရကြောင်း၊ ဒါဟာ ကျန်ရှိနေတဲ့ ဘင်္ဂါလီတွေနဲ့ တစ်ဘက်ကနေ ပြန်လာဖို့ ဆုံးဖြတ်သူတွေကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်ချင်ဖြစ်နိုင်ကြောင်း သူမက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly