ဂျပန် All Nippon Airways လေကြောင်းလိုင်းက ထိုင်းဘာသာဖြင့် ၀က်ဘ်ဆိုက်များဖွင့်

ဂျပန် All Nippon Airways လေကြောင်းလိုင်းက ထိုင်းဘာသာဖြင့် ၀က်ဘ်ဆိုက်များဖွင့်

ဂျပန်နိုင်ငံက ကြယ်ငါးပွင့်အဆင့် သတ်မှတ်ထားကြသည့် All Nippon Airlines ANA လေကြောင်းလိုင်းများအတွက် ထိုင်းနိုင်ငံသည် အဓိက ဈေးကွက်ဖြစ်လာပြီး ပထမဆုံးအကြိမ်အဖြစ် ထိုင်းဘာသာဖြင့် ဝက်ဘ်ဆိုက်များကို ဖွင့်လှစ်ခဲ့ကြသည်။

ထိုင်းခရီးသွားများက ANA လေကြောင်းလိုင်းမျာကို နှစ်ခြိုက်မှုတိုးလာခြင်းကြောင့် လေကြောင်းလိုင်းအတွက် အရေးကြီးဈေးကွက်အဖြစ် ယခုကဲ့သို့ ဝန်ဆောင်မှုကို စတင်လာရခြင်းဖြစ်သည်။

ထိုင်းခရီးသွားများ၏ ပြည်ပသွားရောက်မှု အဓိကနိုင်ငံအဖြစ် ဂျပန်နိုင်ငံသို့ လာရောက်မှုက ကြီးထွားလာခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်လာရခြင်းဖြစ်သည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ JNTO ၏ နောက်ဆုံး ထုတ်ပြန်မှုတွင် ယခုနှစ် ပထမရှစ်လတာတွင် ဂျပန်သို့ ထိုင်းဧည့်သည်ရောက်ရှိမှုသည် ၂၅ ဒသမ ၈ ရာခိုင်နှုန်းတက်ပြီး ၅၀၆၈၀၀ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုတစ်နှစ်လုံးအတွက် ထိုင်းခရီးသွား ၇၀၀၀၀၀ အထိ ရောက်ရှိမည်ဖြစ်ပြီး ယမန် ၂၀၁၆ ခုနှစ်က ၆၅၇၀၀၀ ရှိခဲ့သည်ထက် များပြားမည်ဟု JNTO က ခန့်မှန်းထားသည်။ ၂၀၂၀ တွင်မူ ထိုင်းဧည့်သည် တစ်သန်းအထိရှိမည်ဟုလည်း ခန့်မှန်းထားသည်။

ANA လေကြောင်းတွင် စီးနင်းမှု ခရီးသည် ၃၀ ရာခိုင်နှုန်းသည် ထိုင်းမှဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက ဂျပန်နိုင်ငံသားများဖြစ်ကာ ၃၀ မှာ ကျန်နိုင်ငံသားများဖြစ်ကြကြောင်း ABA တာဝန်ရှိသူတစ်ဦးက ပြောသည်။

ANA လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ ဂျပန်ရှိ ဟာနီဒါနှင့် နာရီတာလေဆိပ်များသို့ ဘိုရင်း ၇၈၇-၈"Dreamliner" နှင့် ဘိုရင်း ၇၇၇-၈ ဂျက်လေယာဉ်ကြီးများဖြင့် နေ့စဉ် လေးကြိမ်ပြေးဆွဲလျက်ရှိနေသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly