စက်တင်ဘာ ၁၅ ။ ။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ မွေးရပ်မြေ အင်္ဂလန်၊ အောက်စ်ဖို့ဒ်ရှိုင်းယားရှိ Blenheim နန်းတော်တွင် ပြသထားသော တန်ဖိုးကြီး ရွှေအိမ်သာ ခိုးယူခံလိုက်ရကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် မနက်ခင်းတွင် အခိုးခံလိုက်ရသည့် ရွှေစင် ၁၈ ကရက်ဖြင့် ပြုလုပ်ထားသည့် ရွှေအိမ်သာခွက်ကို ပြန်လည် ရရှိနိုင်ရေး ရဲတပ်ဖွဲ့က ကြိုးပမ်းရှာဖွေနေရပြီ ဖြစ်သည်။
အီတလီ အနုပညာရှင် မော်ရီဇီယို ကက်တဲလ်လန်၏ ပြပွဲ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ ရွှေအိမ်သာခွက်ကို ပြတိုက်တွင် ထည့်သွင်းတပ်ဆင်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကမှ အများပြည်သူကို စတင်ပြသထားခဲ့တာဖြစ်ကာ ယခုအခါ အခိုးခံလိုက်ရခြင်း ဖြစ်သည်။
“America” ဟု နာမည်ပေးထားသည့် ရွှေသားအတိပြီး အိမ်သာခွက်သည် တန်ဖိုးအားဖြင့် ဒေါ်လာ ၅ သန်းကျော် ရှိသည်ဟု သိရသည်။
စက်တင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီ ၅၇ မိနစ်က ယင်း အိမ်သာခွက် အခိုးခံရကြောင်း ရဲတပ်ဖွဲဲ့ထံ သတင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူခိုးများသည် မနက် ၄ နာရီ မိနစ် ၅၀ တွင် ယင်းနေရာကနေ ထွက်ခွာသွားခဲ့သည်။
ယခုအခါ အသက် ၆၆ နှစ်ရှိ အမျိုးသားတစ်ဦးကိုလည်း ယင်း ခိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည်ဟု ဆိုသည်။
“ အိမ်သာခွက် ခိုးယူခံရပြီးနောက် အပျက်အစီးတွေ ဖြစ်သွားခဲ့ပါတယ်၊ ရေတွေလည်း ဝင်ခဲ့ပါတယ်၊ သူခိုးတွေက ခုကိစ္စမှာ အနည်းဆုံး ကားနှစ်စီး သုံးပြီး ခိုးသွားတယ်လို့ ကျွန်တော်တို့ ယုံံကြည်ထားပါတယ်” ဆိုပြီး စုံစမ်းစစ်ဆေးရေးမှူး ဂျက်စ် မယ်လ်နီက ပြောသည်။
ယခုအခါ ယင်း ခိုးခံလိုက်ရတဲ့ ရွှေအိမ်သာခွက် ပြန်လည်ရရှိရေး သက်ဆိုင်ရာ ကြိုးပမ်းအားထုတ်နေလျက် ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/