အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ စိုက်ပျိုးရန် စီစဉ်နေ

အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ စိုက်ပျိုးရန် စီစဉ်နေ
Photo - EPA

ရန်ကုန်။ စက်တင်ဘာ ၁၃ ။              ။ သယံဇာတနှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဦးစီးဌာနနှင့်ထူးကုမ္ပဏီများ အုပ်စု တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ ချ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းလေးကန် တိမ်ကောလာမှုကို ကာကွယ်ရန်အတွက် စီမံကိန်းနေရာများအဖြစ်  ညောင်ရွှေမြို့နယ် အင်း လေးကန်၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ နေရာ ၅ နေရာတွင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

“ အဲဒီဒေသမှာက တောင်တွေ တောင်တွေက ပြုန်းလာတဲ့အခါကျတော့ နုန်းတွေက အင်းလေးကန်ထဲကိုဝင် လာတယ်။ အဲတော့ အင်းလေးကန်ကြီးက ကောလာတယ်။  ဒါကို တားဖို့အတွက်ဆိုရင် အပင်စိုက်မှရမယ် ။ အပင်တွေ ရှိနေရင် မြေဆီလွှာတိုက်စားမှု သက်သာလာမယ်။ အဲလိုဖြစ်အောင်အပင်စိုက်ဖို့လိုတော့ ဒီဒေသကို ရွေးချယ်ပြီး စိုက်တာပါ။တစ်ကယ်ကတော့ တစ်ပြည်လုံးမှာ စိုက်ဖို့လိုတာပေါ့” ဟု ထူးကုမ္ပဏီများအုပ်စုမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်မာက ဆိုသည်။

အဆိုပါစီမံကိန်းအတွက် ထူးကုမ္ပဏီများအုပ်စုမှ မြန်မာငွေ ကျပ် သိန်း ၁၆ဝမှ ၂ဝဝကြား အကုန်ကျခံသွား မည်ဖြစ်ပြီး သစ်တောဦးစီးဌာနဘက်မှ သစ်မျိုးစေ့စိုက်ထုတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းဒေသတွင် ပေါက်ရောက်လေ့ရှိသည့် သစ်မျိုးများနှင့် နေရာမရွေးပေါက် ရောက်နိုင်သည့် သစ်မျိုးများကို မြေဧက ၂၀၀၀ ပေါ်တွင် စက်တင်ဘာလ ၁၄ရက်နှင့် ၁၅ရက်နေ့များ၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကုန်ကျစရိတ်ကတော့ များတယ်။ဒီဟာရဲ့အဖြေကိုစောင့်ကြည့်ပြီး၊ အောင်မြင်မယ်ဆိုရင်တော့  နိုင်ငံတော်ကို ကိုယ်တိုင်ရင်းနှီးလုပ်ကိုင်ဖို့ တိုက်တွန်းသွားမယ်။တစ်ဘက်ကလည်း ကူညီချင်တဲ့ဆန္ဒရှိတဲ့အတွက် ဒါက စမ်း သပ်သင့်တဲ့ လုပ်ငန်းတစ်ခုပဲလေ”ဟု သယံဇာတ နှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဒါရိုက်တာ ဦးသိန်းတိုးက ဆိုသည်။

ထူးကုမ္ပဏီများအုပ်စုအနေဖြင့်  နောက်ပိုင်းကာလများတွင် လိုအပ်သည့် နေရာများ၌ ထပ်မံစိုက်ပျိုးသွား ရန်ရှိနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly