တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်းစနစ် အောင်မြင်နေကြောင်း တိုင်းတရားသူကြီးချုပ်ဆို

တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်းစနစ် အောင်မြင်နေကြောင်း တိုင်းတရားသူကြီးချုပ်ဆို
(ဓာတ်ပုံ ကိုကိုအောင် -မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၂ ။         ။ တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်း (Court Lead Mediation) စနစ် အောင်မြင်ကြောင်း မန္တလေးတိုင်း ဒေသကြီး တရားသူကြီးချုပ်ဦးစိုးသိန်းက စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

စက်တင်ဘာ ၁၂တွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ချမ်းမြသာစည် မြို့နယ်၊ အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က တရားရုံးအချို့တွင် စမ်းသပ် ကျင့်သုံးနေပြီဖြစ်သည့် တရားရုံးကဦးဆောင်စေ့စပ်ဆွေးနွေးခြင်း (Court Lead Mediation) ကိစ္စအား ကျယ် ကျယ် ပြန့်ပြန့်သိရှိလိုကြောင်း မေးမြန်းရာတရားသူကြီးချုပ် ဦးစိုးသိန်းက ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

"စမ်းသပ်နေတဲ့ ရုံးလေးရုံးရဲ့ ခြောက်လပတ်ကာလမှာ စမ်းစစ်ချက်အရ ၂၅ ရာခိုင်နှုန်း အောင်မြင်တဲ့အတွက် Court Lead Mediation စနစ်က အောင်မြင်တယ်လို့ ယုံကြည်ပြီးဖြေကြားလိုပါတယ်။" ဟု မန္တလေးတိုင်း ဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

အဆိုပါ စနစ်အား ဒက္ခိဏခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး ၊ တောင်ငူခရိုင်တရားရုံး ၊ တောင်ငူမြို့နယ် တရားရုံးတို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်စမ်းသပ်လုပ်ကိုင်နေပြီး စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်ထားသည်ဟု ၎င်းကဆိုသည်။

ဒက္ခိဏခရိုင်တရားရုံးတွင် တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်း (Court Lead Mediation) စနစ်ဖြင့်ဖြေ ရှင်းရန်တိုင်ကြားမှု ၁၄ဝမှု ရှိပြီး ၂၈ မှု အောင်မြင်ကြောင်း ၊ တပ်ကုန်းမြို့နယ် တရားရုံးတွင် တရားရုံးက ဦး ဆောင်စေ့စပ်ဆွေးနွေးခြင်း (Court Lead Mediation) စနစ်ဖြင့် ဖြေရှင်းရန် တိုင်ကြားမှု ၄၅ မှုရှိပြီး ၁၅ မှု အောင်မြင်ကာ နှစ်မှုမှာ စစ်ဆေးနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါစနစ်သည် တရားရုံးများတွင် တရားမမှုဖြင့်စွဲပြီးသည့်နောက် နှစ်ဖက်အမှုသည်များအကြား အငြင်းပွား မှုကို စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အကူအညီဖြင့် ၄င်းတို့လက်ခံနားလည်နိုင်သည့်အခြေအနေအထိ ဖြေရှင်း သည့် ပုံစံဖြစ်သည်။ ထို့အပြင် အဆိုပါစနစ်သည် အမှုနိုင် အမှုရှုံးအမိန့်ချသည့်ပုံစံမဟုတ်ဘဲ နှစ်ဖက်အမှုသည် များ၏ သဘောဆန္ဒကို ညှိနှိုင်းပေးခြင်းသာ ဖြစ်ကြောင်း ၎င်းကရှင်းလင်းပြောကြားသည်။

"ဒီစနစ်မှာ အမှုသည်တွေအနေနဲ့ မိမိတို့ ရယူလိုတဲ့အခွင့်အရေးတွေကို ကိုယ်တိုင်ရယူနိုင်တဲ့အတွက် စိတ် ကျေနပ်မှု မြင့်မားတယ်။ စေ့စပ်ဖြေရှင်းနေတဲ့ ကာလမှာလည်း အမှုသည်နှစ်ဦးကြားမှာ အပြန်အလှန် ညှိနှိုင်း အဖြေရှာတဲ့အတွက် သူတို့ရဲ့ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာမယ်။ ဒီစနစ်ဟာ ရိုးရှင်းတဲ့ စနစ် ဖြစ်တာကြောင့် အမှုသည်တွေကိုယ်တိုင်ပါဝင်နိုင်တယ်။ အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်တယ်။ နောက် တစ်ခါ အများပြည်သူရှေ့မှာ ဆောင်ရွက်ဖို့ မလိုတဲ့အတွက်ကြောင့် ထိန်းသိမ်းလိုတဲ့ သတင်းအချက် အလက်တွေ လုံခြုံစွာ ထိန်းသိမ်းထားနိုင်တယ်။ ကုန်ကျစရိတ်လည်း အလွန်အင်မတန် သက်သာပါတယ်။" ဟု၎င်းကပြောသည်။
တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်း (Court Lead Mediation) စနစ် ကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
 

 

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly