“ အောက်တိုဘာ ၁၃ တစ်နေ့လုံး မွှေခဲ့တဲ့ ပြဿနာ ”

“ အောက်တိုဘာ ၁၃ တစ်နေ့လုံး မွှေခဲ့တဲ့ ပြဿနာ ”

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ဟာ နိုင်ငံရေးပါတီကြီးတွေက ကိုယ်စားလှယ်တွေကို ခေါ်ယူ တွေ့ဆုံခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ အမတ်လောင်းအများဆုံး တင်ထားတဲ့ ပါတီ ၁၀ ခုကို ဖိတ်ခေါ်တာဖြစ်ပြီး အဲဒီအထဲက အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးအပါအဝင် စုစုပေါင်း ၇ ပါတီ တက်ရောက်ခဲ့ပါ တယ်။ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေကို သူတို့အနေနဲ့ “ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သည်ဟု ယူဆရသဖြင့် တက်ရောက် လာသော နိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲကျင်းပမည့် ရက်အား ရွှေ့ဆိုင်းသင့် မသင့် သုံးသပ် အကြံပြုစေလိုပါကြောင်း ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ကော်မရှင် ဥက္ကဋ္ဌရဲ့ အဲဒီစကားကို ကြားတဲ့အခါ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ရွေးကောက်ပွဲအတွက် အကြီးအကျယ် မဲဆွယ်စည်းရုံးပွဲ လုပ်နေကြတဲ့ ပါတီတွေအနေနဲ့ အံ့သြမိသွားကြမှာကတော့ အမှန်ပါပဲ။ အလားတူ အဲဒီ သတင်းထွက်လာတဲ့ အခါ ပြည်သူတွေကြားမှာလည်း သို့လော သို့လော ထင်မြင်မှုတွေ ထွက်ပေါ်လာပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ မျက်လှည့်ဆရာ တစ်ယောက်နဲ့ တူတာမို့ အခုလည်း မျက်လှည့် ပြကွက်တစ်ခုလို ထုတ်ပြလိုက်တာမို့ အားလုံး အံ့သြကုန်ကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ၊ သံတမန်တွေနဲ့ နိုင်ငံတကာ အသိုင်းအ ဝိုင်းလည်း ပါဝင်ပါတယ်။ ဦးတင်အေးအနေနဲ့ ဘာအကြောင်းပြပြီး ခုလို ပြောဆိုလိုက်တာလဲ၊ သူ့ အကြောင်းပြချက် ခိုင်လုံပါသလား၊ နောက်ကွယ်မှာ ဘယ်လို အကြောင်းအချက်တွေ ရှိနိုင် သလဲဆိုတာ ဒီကနေ့ ဝေဖန်သုံးသပ် တင်ပြသွားပါ့မယ်။

သူတို့အနေနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်လို့ ယူဆရတဲ့ အကြောင်းရင်း သုံးခုကို ဦးတင်အေး ပြောပါတယ်။ တစ်ခုကတော့ ရေကြီးမြေပြိုဘေး ဖြစ်ပါတယ်။ နောက်တစ်ခုက တော့ နယ်မြေ လုံခြုံရေး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပလောင်ဒေသတွေမှာ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်နေတာကို ရည်ညွှန်းတာပါ။ နောက်တစ်ခုကတော့ မဲဆွယ် စည်းရုံးနိုင်မှု အခြေအနေပါ။ ပါတီတွေအနေနဲ့ ရေဘေး၊ နယ်မြေ လုံခြုံရေး ပြဿနာတွေ ကြောင့် မဲဆွယ်စည်းရုံးမှု ခက်ခဲနေတယ်၊ အဲဒါတွေကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ် လို့ ယူဆတယ်ဆိုပြီး ပြောတာပါ။

ဒါနဲ့ ပတ်သက်ရင် ဦးတင်အေးပြောတဲ့ အချက်တွေကို လက်ခံလိုသူ နည်းပါလိမ့်မယ်။ တကယ်တော့ ရေကြီးမြေပြို ပြဿနာဟာ ဒေသတစ်ချို့မှာ ဖြစ်ပွားတာပါ။ ၂၀၀၈ ခုနှစ် စစ်အ စိုးရက ဖွဲ့စည်းပုံ အခြေခံ ဥပဒေလူထုဆန္ဒခံယူပွဲ ကျင်းပချိန်က ဖြစ်ပွားခဲ့တဲ့ လူ သိန်းနဲ့ချီ သေ ဆုံး၊ လူပေါင်းမြောက်များစွာ အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်ခဲ့ရတဲ့ နာဂစ်မုန်တိုင်း ခံရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် လုံးဝ မပြောပလောက် ပါဘူး။ ဒါ့အပြင် အခုရေဘေးနဲ့ ပါတ်သက်ပြီး ရေဘေးထိတဲ့ ဒေသတွေက ကော်မရှင်ရုံးတွေမှာ မဲဆန္ဒရှင် စာရင်းတွေ ဘယ်လိုပဲ ပျက်စီး၊ ပျောက်ဆုံးခဲ့ပါစေ၊ သူတို့ကွန်ပျူတာ ဆာဗာထဲမှာ အားလုံး အဆင်သင့်ရှိတယ်၊ ဘာပြဿနာမှ မရှိဘူးဆိုပြီး ကော်မရှင် တာဝန်ရှိသူတွေကိုယ်တိုင် ပြောထားပြီးသားပါ။ ဒေသခံ တိုင်းရင်း သားပါတီ တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း ရေဘေးထိတဲ့ နေရာတွေကို ကွက်ချန်ပြီး ရွေးကောက်ပွဲ ကျင်းပလို့ရတယ်၊ ကျန်ဒေသ တစ်ခုလုံးကို မထိခိုက်ပါဘူးဆိုပြီး ပြောထားပြီးပါ ပြီ။ ဦးတင်အေး အကြောင်းပြတာ မခိုင်လုံပါဘူး။

နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ရင် ကေအိုင်အေ၊ တအောင်းပလောင်၊ အက်စ်အက်စ် အေ မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ် ဆိုပေမယ့် တစ်စိတ်တစ်ပိုင်းပါ။ သိပ်မကြာသေးခင်တုန်း ကပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တဲ့ နေရာတွေကို အသေးစိတ် ကြေညာခဲ့ပြီးပါပြီ။ ပြောရရင် ဝနဲ့ မိုင်းလားက (၅) မြို့နယ်စလုံး ရွေးကောက်ပွဲ မလုပ်နိုင်တော့ ပြည်သူ့လွှတ်တော် ၅ နေရာ၊ ပြည်နယ် လွှတ်တော် ၁၀ နေရာ ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အခြေအနေနဲ့ မတိမ်းမယိမ်းပါပဲ။

ဒါဆို ဘာကြောင့် ဦးတင်အေးက “ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သည်ဟု ယူဆရပါ တယ်” လို့ အရေးတကြီး ပြောဆိုရတာပါလဲ။ ဖြစ်နိုင်ခြေ နှစ်ချက်တော့ ရှိပါတယ်။ လက်ရှိ အခြေအနေ ရွေးကောက်ပွဲ နီးလာလေလေ အာဏာရ ပြည်ခိုင်ဖြိုး ပါတီထက်ကို အင်န်အယ် လ်ဒီ ပါတီအပေါ် ပြည်သူတွေ ထောက်ခံမှု အဆမတန်များနေတာ ပိုပြီး မြင်ရလေလေပါပဲ။ ဗေဒင်မေးစရာ မလိုအောင် အလွန် ထင်သာမြင်သာရှိတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမှာ ကိုယ်နိုင်စေချင်တဲ့ပါတီ ရှုံးမှာ သေခြာနေလို့ ကော်မရှင်က ခုလိုလုပ်ဖို့ ကြံရွယ်ရတာလားဆိုပြီး စဉ်းစားစရာ ရှိပါတယ်။ ဒါဟာ ကော်မရှင်ကို တစ်ဖက်သတ် စွတ်စွဲတာမျိုး မဟုတ်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့ ပြည်သူတွေအားလုံး ဒီလိုပဲ စဉ်းစားကြတာပါ။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ ပြည်သူလူထုနဲ့ အနီးကပ်ဆုံးရှိနေတဲ့ ပါတီတစ်ခုရဲ့ မဲဆွယ် စည်းရုံးမှုတွေကြောင့်၊ အခြားပြည်သူနဲ့ နီးကပ်မှုမရှိတဲ့ ပါတီတစ်ခုရဲ့ ကစားကွက် တစ်ခုလား၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ဖြိုခွင်းဖို့အတွက် တစ်စုံတစ်ရာ ကြံစည်မှုလားဆိုတာ စဉ်းစား ရမယ်” ဆိုပြီးတောင် ပြောဆိုခဲ့လို့ပါ။ ဒါက ဖြစ်နိုင်ခြေ တစ်ခုပါ။

နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ အပြစ်အနာအဆာတွေ များနေတဲ့ ရွေးကောက် ပွဲ အခြေအနေပါ။ အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ အလွန်နီးကပ်လာတဲ့တိုင် ကော်မရှင်ဟာ မဲစာရင်း မှန်အောင် မပြုစုနိုင်ခဲ့ပါဘူး။ ဒါ့အပြင် မဲပေးခွင့် မရတဲ့သူ အများကြီး ရှိလိမ့်မယ် ဆိုတာကိုလည်း ခန့်မှန်းနိုင်ကြပါပြီ။ ဒါတင်မက မဲလာပေးတဲ့နေ့မှာ မဲဆန္ဒရှင်ကို မဲရုံစောင့်တွေ၊ အမတ်လောင်း ကိုယ်စားလှယ်တွေက မဲစာရင်းနဲ့ မှတ်ပုံတင် တိုက်ဆိုင်စစ် ဆေးလို့ မရအောင် ကော်မရှင်ကနေ မဲပေးပိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးထားပါဦးမယ်။

ဒီလို ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်အတွက် အင်န်အယ်လ်ဒီလို ပါတီကြီး ကလည်း ကော်မရှင်ကို တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားပါသေးတယ်။ အခု အဲဒါတွေနဲ့ ပတ်သက်ပြီးပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဖြေတစ်ခု ပေးလိုက်တာ ဖြစ်ပုံရပါ တယ်။ “ မဲစာရင်းကိစ္စတွေ၊ မဲဆွယ်စည်းရုံး ကိစ္စတွေ၊ မဲပေးပိုင်ခွင့်လက်မှတ် ထုတ်ပေးမှာတွေ ဘာတွေ ညာတွေ လာပြောမနေနဲ့၊ ရွေးကောက်ပွဲ လုပ်ပေးရင်ပဲ ကံကောင်း” ဆိုတဲ့ သတင်းစ ကား ဖြစ်ပုံရကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags