တည်ငြိမ်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ််ရေး

တည်ငြိမ်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ််ရေး

လွန်ခဲ့တဲ့ ၂ ရက်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအတင် ငြင်းခုန်မှုများ နယ်ပယ်အသီး သီးမှာ ဖြစ်ခဲ့ပါတယ်။ ငြင်းခုန်တယ်ဆိုတာ လိုအပ်ပါတယ်။ ငြင်းခုန် ဆွေးနွေးမှုမရှိရင် တိုးတက်မှု မရှိ နိုင်တာ အမှန်ပါပဲ။ ဒါကြောင့်မို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မိမိတို့အားလုံး ငြင်းခုန်ကြ ပိုမိုသင့်တော် တဲ့ အဖြေကိုမှန်ကို ရှာကြ၊ ဒီလိုနည်းနဲ့သာ ရှေ့ကို သွားကြရမှာပါ။

ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲတစ်ခု လုပ်မယ်ဆိုရင် ငြင်းခုန် ဆွေးနွေးကြရစမြဲပါ။ ငြင်းခုန် ဆွေးနွေးတဲ့အဖြစ်ဟာ မိမိတို့နိုင်ငံ တစ်ခုထဲမှရယ်လို့ မဟုတ်ပါဘူး။ ဒါကိုလည်း လက်ခံကြရမှာပါ။ တကယ်တော့ ငြင်းခုန်ဆွေးနွေးခြင်းဟာ ဘယ်နယ်ပယ်မှာမဆို တိုးတက်ခြင်းရဲ့ အခြေခံကိစ္စရပ် ဖြစ်တာမို့ စိတ်ပူပန်စရာလည်း မရှိပါဘူး။

လွန်ခဲ့တဲ့ ၂ ရက်တုန်းကတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီ များကို ဖိတ်ခေါ်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ပြောင်းချင်ပါတယ် ဆိုတဲ့သဘော ပြောခဲ့ပါ တယ်။ နိုင်ငံရေး ပါတီများရဲ့သဘောကို တီးခေါက်ကြည့်တဲ့ သဘောပါပဲ။ ရွှေ့မယ် မရွှေ့ဘူးဆိုတာနဲ့ ရွှေ့ခဲ့ရင်လည်း ဘယ်နေ့ဘယ်ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ရွှေ့ချင်ပါတယ်လို့ ထုတ်ဖော် ပြောဆိုတဲ့နေ့မှာပဲ အဖြေထွက်ဖို့ ရှိပါတယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒီတုန်းက ရွေးကောက်ပွဲ ရွှေ့မယ်ဆိုတဲ့ ကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ခဲ့ ပြီး တိုင်းရင်းသား ပါတီတချို့က ကြားနေခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် လည်းအဲဒီညနေမှာပဲ ရွှေးကောက်ပွဲ မရွှေ့ဖြစ်တော့ပဲ မူလသတ်မှတ်ထားတဲ့ နေ့မှာပဲ ကျင်းပသွားတော့မည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော် ကြေညာသွားခဲ့ပါတယ်။

ဒီလို ရွေးကောက်ပွဲရွှေ့ဖို့ ပထမ ပြောဆိုချက် သတင်း ထွက်ပေါ်လာတဲ့အခါ မိမိတို့ပြည်သူ တွေဟာ အမျိုးမျိုး အဖုံဖုံသော သဘောထား ထင်မြင်ချက်များ ချက်ချင်းဆိုသလို ထုတ်ဖော် ပြောဆိုလာကြပါ တယ်။ တချို့က ဒီလို ရွေးကောက်ပွဲ ရွှေ့တာဟာ ကော်မရှင်အပေါ် အပြစ်မြင်ကြ ပါတယ်။ တချို့ကဆိုရင် အခုလို မတည်မငြိမ်ဖြစ်လွန်းတဲ့ ရွေးကောက်ပွဲဖြစ်တာမို့ သပိတ်မှောက် ဖို့အထိဆွေးနွေးတာ မျိုးတွေ ရှိပါတယ်။

ဒီကြားထဲ မဲစာရင်း အမှားတွေ များလွန်းလို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို လက်ခံကြပါတယ်။ မဲစာရင်းတွေ အချိန်ယူ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ယူဆကြပါ တယ်။ တချို့ကတော့ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်း တာဟာ မရိုးသားဘူးလို့ မြင်တာလည်း ရှိပါတယ်။ ကော်မရှင်ဟာ လွတ်လပ်တဲ့ ကော်မရှင်မဟုတ်ဘူး ကိုယ့်သဘောနဲ့ကိုယ် ပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်း မရှိဘူး အစရှိ သဖြင့် ဝေဖန်ကြပါတယ်။ အင်အားကြီး ပါတီကြီးတစ်ခု စည်းရုံးရေး အခြေအ နေတွေ မဟန်တော့လို့ အခုလို ရက်ရွေ့တာ ဖြစ်နိုင်တယ်ဆိုတဲ့အထိ ဝေဖန်ကြပါတယ်။ ဒါကတော့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ အဲဒီ အင်အားကြီးပါတီက လာကြတဲ့ လူတွေဖြစ်လို့ အခုလို ဝေဖန်တာလည်း ဖြစ်ပါတယ်။

ဘယ်လိုပင်ဖြစ်ပစေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ၂၆ ရက်အကွာပဲ ရှိတော့တဲ့အချိန်မှာ အခုလို ရွေးကောက်ပွဲရက် ရွှေ့ဖို့ မရွေ့ဖို့ ငြင်းခုန်ပြောကြလာ ကြရတာဟာ တည်ငြိမ်တဲ့ ရွေးကောက် ပွဲတစ်ခု ဖြစ်ရေးဆိုတဲ့ အချက်ကို လာပြီး ထိခိုက်စေတာတော့ အမှန်ပါပဲ။ ရွေးကောက်ပွဲကို ဦးစီးကျင်း ပရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေနိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ စိတ်ထဲမှာ လည်း ရွေးကောက်ပွဲရွှေ့ဖို့ အခြေခံ စဉ်းစားချက်ထဲမှာ သဘာဝဘေးဥပါဒ် အန္တရယ် ကျရောက်နေမှု၊ စစ်မက်ဖြစ်ပွားနေမှု အစရှိတဲ့ အခြေခံချက်တွေကို ဘယ်လိုပင် အကြောင်းပြသည်ဖြစ်ပစေ တည်ငြိမ် တဲ့ ရွေးကောက်ပွဲ ဖြစ်ရေးဆိုတဲ့ အခြေခံအပေါ် ရပ်တည်စဉ်းစားရင်တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။

ဒါကြောင့်မို့ နိဂုံးချုပ် ပြောရမယ်ဆိုရင် မိမိတို့နိုင်ငံမှာ ပြည်သူတွေ လေးစားယုံကြည်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ လွန်စွာ အရေးကြီးပါတယ်။ အဲသလို ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ဆိုတာ ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ပခုံးပေါ်မှာ အဓိက ရှိပါတယ် ဆိုတဲ့အကြောင်း တင်ပြ တိုက်တွန်း လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags