ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်)တွင် အချက် လေးချက်ကို အဓိကထား ဆွေးနွေး

ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်)တွင် အချက် လေးချက်ကို အဓိကထား ဆွေးနွေး
 ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ ခွန်ချစ်စံဝင်း

စက်တင်ဘာ ၈ ။            ။ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အပါအဝင် အဓိက အချက် လေးချက်ကို  ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ(မွန်ပြည်နယ်) တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်က သထုံမြို့ရှိ သုဝဏ္ဍခန်းမ၌ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ(မွန်ပြည်နယ်)ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ (မွန်ပြည်နယ်) တွင် ပအိုဝ်းအမျိုးသားများ၏ ၀ိသေသလက္ခဏာများ၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ပြည်နယ်အတွင်းရှိပအိုဝ်းလူဦးရေနှင့်သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ၊ ပအိုဝ်းအမျိုးသား နိုင်ငံရေးအကြောင်းအရာများကို အဓိကဆွေးနွေးခဲ့ကြောင်းက ပြောသည်။

“ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသားတစ်သိန်းလောက်က သူတို့ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးထဲကမှ အဓိကကျတဲ့ ခေါင်းစဉ်ကြီး လေးခုကို စုပေါင်းတိုင်ပင်အဖြေရှာပြီး ဘုံသဘောတူညီချက်တွေ ချမှတ်ပြီးတော့ စုပေါင်းအကောင်အထည်ဖော်ကြတာ ဖြစ်တယ်ပေါ့။ တစ်အချက်က ပအိုဝ်းအမျိုးသားနိုင်ငံရေး၊ ပအိုဝ်းလူငယ်တွေအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက်မလဲပေါ့၊ နှစ်အချက်က ပအိုဝ်းလူဦးရေနဲ့ သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စတွေ၊ ဒီမှာက ကွဲလွဲမှုတွေ ရှိနေတဲ့အခါကြတော့ ဒါတွေကို သန်းခေါင်စာရင်းနဲ့ လူဦးရေ အမှန်ရရှိဖို့၊ သုံး အချက်က လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ ကျွန်တော်တို့ဒေသမှာရှိတဲ့ လူငယ်တွေကတော့ ပြည်ပကို ထွက်သွားတာလည်းရှိတယ်၊ ဒီမှာလည်း အလုပ်အကိုင်အခွင့်အလမ်းလည်း ရှာပါးနေသေးတာကို ရင်ဆိုင်နေရတာပေါ့၊ နံပါတ်လေး အချက်ကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားဂုဏ်အင်္ဂါရပ်ဖြစ်တဲ့ အမျိုးသားဝိသေတလက္ခာတွေကို ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ “ ဟု ၎င်းက ပြောသည်။

ယခုညီလာခံမှ ရရှိလာသော ပအိုဝ်းလူငယ်ထုနှင့် သက်ဆိုင်သော ဘုံသဘောတူညီချက်များအား တစ်နိုင်ငံလုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံသို့ တင်သွင်းရန်အတွက် စာတမ်းတစ်စောင် ပြုစုသွားမည်ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခွန်ချစ်စံဝင်းက ဆက်လက်ပြောသည်။

 “လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ သန်းခေါင်စာရင်းကိစ္စကို စိတ်ဝင်စားတယ်၊ ပညာရေးလည်း စိတ်ဝင်စားတယ်ဆိုပေမယ့်၊ အခြားသောလူငယ်တွေကဘယ်ဟာကို စိတ်ဝင်စားမှန်းမသိဘူးလေ၊ ကျွန်မအနေနဲ့ အဲဒီခေါင်းစဉ်တွေကို အဓိက ဆွေးနွေးသွားပါမယ်၊ ကျွန်မအနေနဲ့ကတော့ အကြောင်းအရာအားလုံးကိုတော့ ဝင်ဆွေးနွေး သွားမှာပဲ၊ အခြားပိုင်းမှာလည်း လိုချင်တဲ့အချက်တွေပါလာအောင် ဆွဲသွားတဲ့အချက်တွေလည်းရှိတယ်။ တချို့ပအိုဝ်းတွေက ကရင်မှာ ရောနေတဲ့ ပအိုဝ်းတွေရှိတယ်၊ ပအိုဝ်းမှာ ရောတဲ့ ပအိုဝ်းတွေရှိတယ်၊ အဲဒီမှာ သူတို့ကိုယ်သူတို့ ပအိုဝ်းပါလို့ ပြောမရဲတဲ့ သူတွေ ရှိတယ်၊ သူတို့က ခွန်၊ နန်း ထည့်ချင်ပေမယ့်၊ သန်းခေါင်စာရင်းမှာ မောင်၊ မ၊ ထည့်လိုက်ရင်လည်း သူတို့က ဖြစ်သလိုပဲ၊ အေးဆေးပဲ၊ ဘာမှသူတို့အပေါ်သက်ရောက်မှု မရှိသွားဘူးဆိုတဲ့ဟာတွေကြောင့် ဒီလိုမျိုးတွေ အားနည်းတာဖြစ်တယ်ပေါ့နော်၊ နိုင်ငံရေးအပိုင်းမှာလည်း အားနည်းကျတာ ရှိတယ်၊ ပအိုဝ်းတွေက အေးအေးနေ၊ အေးအေးစားပေါ့၊ တခြားမှာ ဝင်မရှုပ်ချင်ဘူးဆိုတဲ့အတိုင်းပဲ၊ နိုင်ငံရေးမှာ အရင်ကတည်းက သူတို့က နိုင်ငံရေးလုပ်ရင် ထောင်နှုတ်ခမ်းနင်းတယ်လို့ပဲ မြင်ကြတယ်၊ ခုက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်တယ်၊ “ ဟု သထုံမြို့မှ ဒေသခံပအိုဝ်းတိုင်းရင်းသူတစ်ဦးဖြစ်သူ နန်းမာမာဇင် ကပြောသည်။

ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ(မွန်ပြည်နယ်) အား စက်တင်ဘာ ၇ ရက်မှ ၈ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာပေါင်း ၆၅ ရွာမှ ပအိုဝ်းလူငယ်များ ၃၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးချက်မှ ရရှိလာသော ဘုံသဘောတူညီချက်များအား အများပြည်သူသိရှိစေရေးအတွက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ပအိုဝ်းလူငယ်များကနိုင်ငံလုံးဆိုင်ရာပအိုဝ်းအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ရေးအတွက်၂၀၁၇ခုနှစ်တွင်ညီလာခံဖြစ်မြောက်ရေးကော်မတီအားဖွဲ့စည်းခဲ့ပြီးနောက်ညီလာခံကျင်းပရခြင်း၏အားလုံးပါဝင်ရေးမူဘောင်များနှင့် လမ်းညွှန်ချက်များ အတိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံများကို ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ယခုမွန်ပြည်နယ်တို့တွင် ကျင်းပခဲ့သည်။

အဆိုပ် ညီလာခံကို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင်လည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအချိန်တွင် နိုင်ငံလုံးဆိုင်ရာပအိုဝ်းအမျိုးသားလူငယ်ညီလာခံအား ကျင်းပနိုင်အောင်စီစဉ်ထားကြောင်း အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly