သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ်ကမ္ဗည်းပြား တပ်ဆင်

သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ်ကမ္ဗည်းပြား တပ်ဆင်
ဓာတ်ပုံ - ဖူးအိအိနွယ်

စက်တင်ဘာ ၆၊ ရန်ကုန် ။        ။ ရန်ကုန်တက္ကသိုလ်အတွင်း နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ်အပြာရောင်ကမ္ဗည်းပြားကို စက်တင်ဘာလ ၆ ရက်နေ့မနက်က တပ်ဆင်ခဲ့သည်။

“ဒီသစ်ပုပ်ပင်ဟာ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အမွေအနှစ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အသည်းနှလုံးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလိုမျိုး ရန်ကုန်တက္ကသိုလ်ထဲမှာ Blue Plate တစ်ခု သစ်ပုပ်ပင်မှာ လာရောက်ပြီးတော့မှ အထိမ်းအမှတ်အနေနဲ့ ချီးမြှင့်ပေးတဲ့အတွက် ပညာရေးဝန်ကြီးဌာနကိုယ်စား၊ ရန်ကုန်တက္ကသိုလ်ရဲ့ ကိုယ်စား၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေကိုယ်စား ကျေးဇူးတင်၊ မှတ်တမ်းတင်ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်အနီးရှိသစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်ကို စတင်မတည်ဆောက်ခင်ကတည်းက ရှိနေခဲ့ပြီး ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကာ အမှတ်တရာများစွာရှိခဲ့သောကြောင့် မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

၂ဝ၂ဝ ခုနှစ်တွင် နှစ်တစ်ရာပြည့်တော့မည့် ရန်ကုန်တက္ကသိုလ်၌ သစ်ပုပ်ပင်အပြင် များစွာသော မြို့ပြအမွေအနှစ်များတည်ရှိနေသောကြောင့် အပြာရောင်ကမ္ဗည်းပြားများ ဆက်လက် တပ်ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။

“နှစ်တစ်ရာပြည့် တက္ကသိုလ်မှာ ထင်ရှားတဲ့ အဆောက်အဦတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဒီထဲမှာ တော်တော်လေးကို များပါတယ်။ ဥပမာ ဘွဲ့နှင်းသဘင်လိုနေရာမျိုးတွေ ရှိမယ်။ ကျောင်းသားဆောင်တွေ ရှိမယ်။ စာကြည့်တိုက်တွေရှိမယ်။ နေရာတွေက တော်တော်များပါတယ်။ တစ်ချို့အဆောက်အဦတွေကို ၂ဝ၂ဝ အမှီ မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား ဆက်လက်တပ်ဆင်ဖို့ စီစဉ်နေတာတွေ ရှိပါတယ်” ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရ အရေးပါ သည့် အဆောက်အဦများအပြင် နေရာများ၊ လမ်းများတွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် သမိုင်းအကျဉ်းကိုဖော်ပြထားသည့် မြို့ပြအမွေအနှစ်အပြာရောင်ကမ္ဗည်းပြားများကိုတပ်ဆင်ခဲ့ရာ သစ်ပုပ်ပင်သည် ၃၂ ခုမြောက် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly