ထီလက်မှတ်များစျေးတင်ရောင်းချမှုများအပေါ် အရေးယူမှုများ ဆောင်ရွက်ရန် စစ်ဆေးနေ

ထီလက်မှတ်များစျေးတင်ရောင်းချမှုများအပေါ် အရေးယူမှုများ ဆောင်ရွက်ရန် စစ်ဆေးနေ

ရန်ကုန်၊ စက်တင်ဘာ ၂ ။          ။ ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို ကျပ် တစ်ထောင်ကျော် နှုန်းထားဖြင့် စျေးတင်ရောင်းချနေမှုအပေါ် အရေးယူနိုင်ရေးအတွက် တိုင်းဒေသအသီးသီးတွင် စစ်ဆေးရန် ရုံးချုပ်မှ ညွှန်ကြားထားကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က မဇ္စျိမကိုပြောသည်။

“စျေးတက်တယ်ဆိုတာ သူ့ဘာသာသူတစ်ဦးတစ်ယောက်တည်းကနေ အရှုံးကာမိအောင် စျေးတွေ တင်ရောင်းနေတာ။ ရုံးချုပ်ကနေပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ စစ်ဆေးပါ။ စစ်ဆေးပြီးတော့ အရေးယူနိုင်ရေးအတွက် ပြန်လည်တင်ပြပါဆိုပြီးတော့ ခိုင်းထားပါတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်လို့က အခု စစ်ဆေးစဲပါ” ဟု ၄င်းက ပြောသည်။

ထီလက်မှတ်များကို စျေးတင်ရောင်းခြင်းသည် ယခင်ကလည်း ရှိခဲ့ပြီး ငါးရာကျပ်တန်ထီတွင် စျေးတင်ရောင်း ပါက ဝယ်ယူခွင့်ရပ်ဆိုင်းမည်ဟု ထီအရောင်းအဝယ်စာချုပ်တွင် စည်းကမ်းစတင်ထည့်သွင်းခဲ့ကြောင်း ကျပ် တစ်ထောင်တန်ထီတွင် စျေးတင်ရောင်းပါက အာမခံငွေပါ သိမ်းယူမည်ဟု စည်းကမ်းပိုမိုတင်းကြပ်ခဲ့ကြောင်း ဦးကျော်သန့်လွင်က ဆက်ပြောသည်။ သို့သော် အရောင်းအဝယ်စာချုပ်သည် ဌာနနှင့် စာချုပ်ချုပ်ဆိုသည့် ထီ ကိုယ်စားလှယ်ကြားတွင်သာ အကျုံးဝင်ပြီး အဆင့်ဆင့်ရောင်းချသူများအပေါ် အရေးယူနိုင်ရန် အခက်အခဲ ရှိနေကြောင်း ၄င်းက ပြောသည်။

“အရင်တုန်းက ဥပဒေပြဋ္ဌာန်းဖို့ လုပ်ကြတယ်။ ဥပဒေပြဋ္ဌာန်းရင်တော့ အောက်ခြေအဆင့်အထိအရေးယူလို့ ရကောင်းရမယ်။ အောင်ဘာလေမှာက ထီဥပဒေမရှိဘူး။ စာချုပ်နဲ့ပဲ သွားနေရတာ” ဟု ၄င်းက ပြောသည်။

အောင်ဘာလေထီရုံးမှ မူရင်းကိုယ်စားလှယ်များကို ရောင်းချသော ထီလတ်မှတ်တစ်စောင်၏ တန်ဖိုးသည် ၉၁ဝ ကျပ်ဖြစ်ပြီး  အများပြည်သူထံ တစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့်သာ ရောင်းချရန် စည်းကမ်း သတ်မှတ် ထားခြင်း ဖြစ်သည်။ သို့သော် စျေးကွက်အတွင်း၌ ၁၁ဝဝ၊ ၁၂ဝဝ ကျပ်များဖြင့် ပြန်လည်ရောင်းချနေသော ကြောင့် ထီကံစမ်းသူများက ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။
“ထီတစ်စောင် တစ်ထောင်ကနေ အခု ထောင့်နှစ်ရာ ၊ ထောင့်တစ်ရာ့ငါးဆယ်အထိ စျေးတက်လာတယ်။ အများစုက တစ်စောင် ထောင့်တစ်ရာနဲ့ ရောင်းနေကြတယ်။ ပြောရမယ်ဆိုရင်တော့ ထိုးတဲ့သူတွေသိပ်မထိုး နိုင်တော့ဘူး။ တရားဝင်စျေး တစ်ထောင်ကို ဘာလို့ ထောင့်နှစ်ရာ ဖြစ်ရတာလဲ မသိဘူး။ ထီထိုးသူတွေအတွက် စျေးမှန်လေးတော့ ဖြစ်စေချင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ထီဝါသနာရှင်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ထီလက်မှတ်များ စျေးတင်ရောင်းနေမှုအပေါ် ယခုအချိန်အထိ တိုင်ကြားမှုမရှိသေးကြောင်း၊ စစ်ဆေး တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း  ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ဆက်ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly