စျေးကောင်းရသော ဒေသကြက်မျိုးကို မွေးမြူရန် မကွေး မွေး/ကုမှ တိုက်တွန်း

စျေးကောင်းရသော ဒေသကြက်မျိုးကို မွေးမြူရန် မကွေး မွေး/ကုမှ တိုက်တွန်း

မကွေး၊ စက်တင်ဘာ ၁ ။           ။ ကျေးလက်မိသားစုများ ဝင်ငွေရရှိရန် စျေးကောင်းရသော ဒေသကြက် မွေးမြူသင့်ကြောင်း မကွေးခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာလှလှပြုံးက တိုက်တွန်းပြောဆိုသည်။

“ ကျေးလက်ဒေသတွေမှာ အိမ်တစ်အိမ်ကို ဒေသကြက်မ ၁၀ ကောင် မွေးမယ်ဆို တစ်နှစ်ကို ကျပ် ငါးသိန်းကျော် အမြတ်ရနိင်ပါတယ်။ ဒေသကြက်က တကူးတက အစာကျွေးစရာမလိုဘူး။ စီပီကြက်တွေလို အဆောက်အဦနဲ့ ထားစရာ မလိုဘူး။ သီးသန့် အစာဝယ်ကျွေးစရာ မလိုဘူးလေ။ ဒါကြောင့် မွေးမြူစေချင်တာပါ ” ဟု ဒေါက်တာ လှလှပြုံးက ပြောသည်။

အိမ်တစ်အိမ်လျှင် ဒေသကြက်မ ၁၀ ကောင်မွေးပါက တစ်နှစ်ကို ကြက်ဥအလုံး ၆၀၀ ခန့် ရနိင်ပြီး ကြက်ဥ အလုံး ၂၄၀ ခန့် စားနိုင်၊ရောင်းနိုင်ခြင်း၊ ကျန်သည့် အလုံး ၃၆၀ ကို မျိုးကြက်အနေဖြင့် ဝပ်ပါက ၂၀ ရာခိုင်နှုန်း အဆံ ချောင်ခြင်းမျိုး ဖြစ်နိုင်ကာ ကျန်သည့် ၈၀ ရာခိုင်နှုန်းအရ  ၂၈၈ ကောင် အကောင်ပေါက်နိုင်ကြောင်း သိရသည်။

“ အကောင်လေးတွေ ပေါက်လာပြီဆို စွန်သုတ်၊ ခွေးဆွဲတာနဲ့ ဆိုတော့ သေနှုန်း နုတ်လိုက်ရင် ခန့်မှန်း ၂၀၃ ကောင်လောက် ကျန်ပါတယ်။ သားပေါက်ပြီး နှစ်လလောက်ဆို ကြက်လေးတွေဟာ အကြမ်းဖျဉ်း ၆၀ သား လောက် ရှိပြီ။ ဒါဆို ရောင်းလို့ ရပါပြီ။ လက်ရှိကာလပေါက်စျေးနဲ့ မူတည်ပြီး အနိမ့်ဆုံးစျေးနဲ့ တွက်ရင် ဒေသကြက် ၆၀ သားအရွယ် ၁၆၃ ကောင်ကို ကျပ် ငါးသိန်းကျော် အမြတ်ရနိင်ပါတယ်” ဟု ဒေါက်တာလှလှပြုံးက တွက်ချက်ပြသည်။

ဗမာကြက်ဟု ခေါ်သည့် ဒေသကြက်မျိုးကို စီပီအသားတိုးကြက်များထက် လူအများက စျေးကြီးပေး ဝယ်ယူ စားသုံးကြမှုများကာ ရန်ကုန်မြို့တွင် ဗမာကြက် တစ်ဆယ်သားလျှင် ကျပ် ၉၀၀ ခန့် ပေါက်စျေးရှိပြီး စီပီကြက် တစ်ဆယ်သားလျှင် ကျပ် ၆၅၀၊ ၇၀၀ ပေါက်စျေး ရှိနေသည်။

စီပီကြက် မွေးမြူပါက ကြက်ခြံဆောက်လုပ်စရိတ်၊ အစားဖိုး၊ ကြက်ဖိုးနှင့် ဆေးဝါးကုသစရိတ်များပါ အပို ကုန်ကျနိုင်ခြင်း ရှိပြီး  လက်ရှိ မကွေးခရိုင်တွင် ဒေသကြက်ကောင်ရေ ၁၇ သိန်းကျော် မွေးမြူထားကြောင်း မကွေးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required