မန္တလေးမြို့ကို လုံခြုံရေး တိုးမြှင့်ထား

မန္တလေးမြို့ကို လုံခြုံရေး တိုးမြှင့်ထား
ဓာတ်ပုံ - EPA/LYNN BO BO

သြဂုတ် ၃၀၊ မန္တလေး ။           ။ မန္တလေးမြို့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အားနှင့်လက်နက် အင်အား တိုးမြှင့် ဆောင်ရွက်လျှက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က မဇ္ဈိမသို့ ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့မှုဖြစ်ပြီး နောက်ပိုင်းတွင် မန္တလေးမြို့ကို ပုံမှန်လုံခြုံရေးထက် ပိုမိုတိုးမြှင့် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

"ပုံမှန် လုပ်နေတဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအားလုံးမှာ လူအင်အားတိုးမြှင့်ဆောင်ရွက်ထားပါတယ်။ လက်နက်ခဲယမ်းလည်း တိုးမြှင့်ထားပါတယ်။ ဝင်ပေါက်ဂိတ်တွေအားလုံးမှာလည်း ပိတ်ဆို့ရှာဖွေတာတွေ တိုးမြှင့်လုပ်နေပါတယ်။"ဟု ရဲမှူးကြီးကိုကိုလွင် က ပြောသည်။

မန္တလေးမြို့ဝင် မြို့ထွက်ဂိတ်များတွင် ပုံမှန်စစ်ဆေးခြင်းများအပြင် ရှောင်တခင်စစ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး အရပ်ဝတ်များဖြင့်လည်း လုံခြုံရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
"ကျွန်တော်တို့ ပုံစံအမျိုးမျိုးနဲ့ လုံခြုံရေးလုပ်နေပါတယ်။အသေစိပ်ပြောလို့တော့ မရပါဘူး။"ဟု၎င်းကပြောသည်။

မန္တလေးမြို့ လုံခြုံရေးအတွက် မသင်္ကာစရာများတွေ့ရှိပါက နီးစပ်ရာ နယ်မြေရဲစခန်းများတွင် သတင်းပေးပို့ကြရန်လည်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က တိုက်တွန်းပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required