မင်းလှကျောက်မီးသွေးတွင်း မြေထပ်ပြိုသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

မင်းလှကျောက်မီးသွေးတွင်း မြေထပ်ပြိုသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

မကွေး၊ သြဂုတ် ၂၉ ။           ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဆပ်ပြာကျေးရွာ ကျောက်မီးသွေးတွင်းပြိုကျမှု၌ လူ နှစ်ဦး ပိတ်မိနေဆဲဖြစ်သော်လည်း အတွင်းပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်နေ၍ သြဂုတ် ၂၉ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ရသည်။

“ မနေ့က သြဂုတ်လ ၂၈ ရက်နေ့က ကယ်ဆယ်ရေးပိုင်းမှာ အန္တရာယ်ဖြစ်ပေါ်စရာတွေရှိလာတာမို့ ရပ်နားထားရပါတယ်၊ ကျောက်မီးသွေးတွင်းထဲမှာလည်း မြေပြိုတာ တော်တော်များများဖြစ်ပေါ်နေပါတယ်” ဟု မင်းလှမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်က ပြောသည်။

မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအနီး အင်ကြင်းတောင်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်နေသည့်
ကျောက်မီးသွေးတွင် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တွင်းအတွင်း ဝင်ရောက်ကာ မြေပြိုမှုဖြစ်ပေါ်ကာ လူ လေးဦး ပိတ်မိခဲ့သည်။

လက်ရှိအချိန်ထိ လူ နှစ်ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့သော်လည်း ကျန်နှစ်ဦးမှာ ပိတ်မိသည့်အထဲ ကျန်ရှိနေခြင်းဖြစ်သော်လည်း မြေပြိုသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေး ရပ်နားလိုက်ရခြင်း ဖြစ်သည်။

သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်မီးသွေးတွင်းအတွင်းပိတ်မိနေသူ လေးဦးအနက် နှစ်ဦးကို
ကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးလျှက် ထုတ်ယူရရှိခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ မင်းလှမြို့နယ်၊ ကျောက်ထောင်ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကိုစိုးအောင်၊ အမ်းမြို့နယ် လှကာရကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ကိုပိုင်စိုးဝင်းတို့ ဖြစ်သည်။

ကျန် ပိတ်မိနေသူနှစ်ဦးမှာ မင်းလှမြို့မြောက်ရပ်ကွက်မှ အသက် (၁၆)နှစ်အရွယ်ရှိ ကိုအောင်ချမ်းသာ၊ မင်းလှမြို့နယ် ကျောက်ထောင်ကျေးရွာမှ အသက် (၂၀)နှစ်အရွယ် ကိုနိုင်ထက်ဦးတို့ ဖြစ်သည်။

ယနေ့တွင် မြို့ပေါ်ဌာနဆိုင်ရာများနှင့်လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ခဲ့ပြီး မီးသတ်မှတာဝန်ရှိသူများနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထုတ်ယူရရှိခဲ့သည့် သေဆုံးသူ နှစ်ဦးပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ ဖြင့် အမှုရေးဖွင့်ထားပြီး ရဲအုပ်အောင်မင်းဦးက အမှုအား စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။

လက်ရှိအချိန်ထိ ကျောက်မီးသွေးတွင်း ပိတ်မိနေမှုမှာ ငါးရက်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့်  ပိတ်မိနေသူ နှစ်ဦးမှာ အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးနေသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required