မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများ ပြုလုပ်ရာတွင် ဖြန့်ဖြူးမှုကို ဦးစားပေးနှိမ်နင်းသင့်ဟုဆို

မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများ ပြုလုပ်ရာတွင် ဖြန့်ဖြူးမှုကို ဦးစားပေးနှိမ်နင်းသင့်ဟုဆို
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးနေစဉ်။ Photo- EPA

ရန်ကုန်၊ သြဂုတ်လ ၂၈ ။        ။ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများပြုလုပ်ရာတွင် ဖြန့်ဖြူးမှုအပိုင်းကို ဦးစားပေးနှိမ်နင်းသင့်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်ကျော်ထွန်းက မဇ္စျိမကို ပြောသည်။

“နယ်စပ်တွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်ကြတယ်။ နယ်စပ်စည်းတွေလောက်မှာ လုပ်နေကြတာဆိုတော့ ပြဿနာက အစိုးရရဲ့ အာဏာသက်ရောက်မှုက နည်းတော့ ထုတ်လုပ်မှုကို နှိမ်နင်းဖို့ ခက်တယ်။ အဲ့တော့ ဖြန့်ဖြူးမှုကို နှိမ်နင်းစေချင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဝင်လာနေတဲ့ ဝင်ပေါက်တွေကို သေချာပိတ်ရမယ်။ ပိတ်ဆို့ရှာဖွေရမယ်။ ဘယ်မှာမဆို ရန်ကုန်ရော၊ နယ်ရော အဓိကဖြန့်ဖြူးသူကို လိုက်ရမယ်။ ဂွင်းဆက် တရားခံတွေကို လိုက်ရမှာ။ သုံးစွဲသူလေးတွေဗျာ ပြားနှစ်ဆယ်၊ ဆယ်ပြား၊ ငါးပြားမိနေရုံနဲ့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူး” ဟု ၄င်းက ပြောသည်။

လက်ရှိဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုများတွင် မူးယစ်ဆေးဝါးပမာဏများစွာ ဖြန့်ဖြူးနေသူများထက် အနည်းငယ်သုံးစွဲသူများကိုသာ ဖမ်းဆီးရမိနေကြောင်း တွေ့ရသည်ဟု ၄င်းကပြောသည်။
“ကျွန်တော်တို့ မူးယစ်ဆေးဝါးကိုမိတယ်။ မိတဲ့နေရာမှာ နည်းနည်းလေးသုံးတဲ့သူကို မိပါတယ်။ တကယ်ဖြန့်တဲ့သူကို မမိပါဘူး။ ကျွန်တော်တို့ ဆိုရိုးစကားတောင် ရှိပါတယ်။ ကွန်တိန်နာလောက်တွေ့ရင် ပျောက်သွားပြီ ပိုင်ရှင်” ဟု ၄င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊ သုံးစွဲမှုများနှင့် ပတ်သက်၍ ကမ္ဘာထိပ်တန်း သုံးနိုင်ငံတွင် ပါဝင်နေပြီး အဆင့်တစ်နေရာတွင် အာဖဂန်နစ္စတန်နိုင်ငံ၊ အဆင့်နှစ်နှစ်နေရာတွင် မြန်မာနိုင်ငံနှင့် အဆင့်သုံးနေရာတွင် ကိုလံဘီယာနိုင်ငံဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြဿာနာကြီး သုံးခုလုံးရှိနေပါတယ်။ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုဆိုပြီး ရှိနေပါတယ်။ အဲ့သုံးခုလုံးကို ရင်ဆိုင်နေရတယ်။ ကာကွယ်နေရပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက် က ရန်ကုန်မှာပဲ မူးယစ်ဆေးဝါးဆေးပြား ၁၁ သိန်းဖမ်းထားတာရှိပါတယ်။ ပမာဏအများကြီးပါ။ အဲ့ဒါတွေကို အခုချက်ချင်း ကျွန်တော်တို့ စစ်ကြောရေးလုပ်နေပါတယ်” ဟု မူးယစ်အထူးရဲတပ်ဖွဲ့မှ ရဲအုပ်အောင်မျိုးထွဋ်က ပြောသည်။
လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း ကျောင်းသားကျောင်းသူများ သိရှိစေရန် စကားဝိုင်းတစ်ရပ်ကို သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ICEC ကိုယ်ပိုင်ကျောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော စကားဝိုင်းတွင် ICEC ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကို တားဆီးဆောင်ရွက်နေသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရှင်အသီးသီးက ဆွေးနွေးဟောပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly