ဂျပန်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူပေါင်း ၆ သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း၊ နှစ်ဦး သေဆုံး

ဂျပန်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူပေါင်း ၆ သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း၊ နှစ်ဦး သေဆုံး

သြဂုတ် ၂၈ ။         ။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ  မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီး၊ မြေပြိုမှု ဆိုင်ရာ အရေးပေါ် အန္တရာယ် သတိပေးချက်တွေကို အာဏာပိုင်တွေက သြဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အလားတူ ယင်းသဘာဝဘေး ဖြစ်စဉ်အတွင်း လူနှစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာပြီးနောက် သဘာဝဘေးအန္တရာယ်တွေ ကျနိုင်တဲ့အတွက် ဒေသခံပြည်သူ ၆၇၀,၀၀၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက ညွန်ကြားထားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း ကျူရှုးကျွန်းမှာ အရေးပေါ် သတိပေးချက်ကို အမြင့်ဆုံးလယ်ဗယ်အထိ ဂျပန် မိုးလေဝသ အေဂျင်စီက တိုးမြင့်ခဲ့ပြီးနောက် လူပေါင်း သန်းဝက်ခန့်နီးပါးကို  ၎င်းတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာဖို့ ညွန်ကြားထားခဲ့တာဖြစ်ပါတယ်။

သြဂုတ် ၂၈ ရက် အစောပိုင်းက စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှု၊ ရေကြီးမှုတွေနဲ့ အခြားသော သဘာဝဘေးအန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတာဖြစ်ပါတယ်။

ဆာဂါ စီရင်စုတွင် ကားတစ်စီး ရေထဲ မျောပါသွားခဲ့ရာ ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးသွားသလို ဖူကူအိုကာ စီရင်စုမှာလည်း အခြား အမျိုးသားတစ်ဦး ရေလွှမ်းမိုးမှုအတွင်း ကားထဲကနေ ထွက်ဖို့ ကြိုးစားရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

“ ခုချိန်မှာတော့ မြစ်ရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် နေရာအသီးသီးမှာ ထိခိုက်ပျက်စီးမှုတွေ သတင်းတွေ ရှိနေပါတယ်၊ လာမယ့် နာရီပိုင်းအတွင်း ဆိုးဝါးတဲ့ ပျက်စီးမှု တွေ ရှိလာဖွယ် ရှိနေပါတယ်” လို့ ဂျပန် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟိုက် ဆူဂါက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly