7July ချီတက်ရာတွင်ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို အမိန့်ချမှတ်

By ကရိုင်နူးရာ
28 August 2019
7July ချီတက်ရာတွင်ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို အမိန့်ချမှတ်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ သြဂုတ် ၂၈ ။          ။ 7July ချီတက်ရာတွင်ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် ဩဂုတ်လ ၂၈ရက်နေ့က စစ်ဆေးခဲ့ပြီး အမိန့်များ အသီးသီး ချမှတ်ခဲ့သည်။

7Julyအထိမ်းအမှတ် ချီတက်အလေးပြုခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ၁၉ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသ ကျောင်းသားလေးဦးကို ငွေဒဏ်သုံးသောင်းပေးဆောင်ရန်နှင့် ငွေဒဏ်ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်ရာ ကိုမင်းသွေးသစ်နှင့်ကိုခန့်မင်းထက်တို့က ထောင်ဒဏ် ၁၅ရက်ကို ရွေးချယ်ခဲ့ပြီး ကိုစိုင်းသုဝဏ်နှင့်မအိသီရိကျော်တို့က ငွေဒဏ်သုံးသောင်းပေးဆောင်ခဲ့သည်။

"ကျွန်တော်တို့က ဒီမိုကရေစီကိုတားဆီးပိတ်ပင်တဲ့ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်နေတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ထောင်ဒဏ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်။နောက်ထပ်လည်း ဒီမိုကရေစီစံချိန်စံနှုန်းနဲ့မညီတဲ့ ဥပဒေတွေကို မရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်"ဟု ကိုမင်းသွေးသစ်က ပြောသည်။

ထိုထဲတွင် တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားများဖြစ်ကြသည့် ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့မှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သဖြင့် ငွေဒဏ်သုံးသောင်းပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံမြေနေရာတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် 7 July အခမ်းအနားကို ဇူလိုင်ရရက် နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ထို့နောက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)မှ မွန်းလွဲ ၂နာရီတွင်် အင်းလျားကန်ဘောင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်း လျှောက် ချီတက်ခဲ့ကြပြီး 7 July အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသု ဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်တို့ကို ကမာရွတ်နယ်မြေရဲစခန်းတွင် လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ ကိုမင်းဟန်ထက် တို့ကို လှိုင်မြို့နယ်ရဲစခန်းတွင်လည်းကောင်း ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

7july ချီတက်ရာတွင်ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags