ဗဟန်း နှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျပ်သိန်းပေါင်း ၄၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဗဟန်း နှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျပ်သိန်းပေါင်း ၄၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊  သြဂုတ်  ၂၇ ။        ။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျပ်သိန်းပေါင်း ၄၂၀၀ ကျော် တန်ဖိုး ရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ မြန်မာပလာဇာရှေ့လမ်းမပေါ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် သြဂုတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်၌ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ ပန်းရောင်စိတ်ကြွဆေးပြား ၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ သိန်းခန့်) ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သော မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်တွင် နေထိုင်သော ထွဋ်အောင်လွင်(ဘ)ဦးရဲထွဋ်နှင့် မရမ်းကုန်းမြို့နယ် (၁)ရပ် ကွက်တွင် နေထိုင်သော ကြည်ခိုင်(ဘ)ဦးစိန် လွင်တို့နှစ်ဦးအား စိစစ်မေးမြန်းရာ မူးယစ်ဆေးဝါးများကို စမ်းချောင်းမြို့နယ်၊ လင်းလွန်း(မြောက်)ရပ်ကွက်တွင် နေထိုင်သော မအေးအေးဝင်း(ဘ) ဦးမောင်ဘခင် ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ပူးပေါင်း အဖွဲ့သည် မအေးအေးဝင်း၏ တိုက်ခန်းသို့ ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ တိုက်ခန်း အတွင်းမှ ပန်းရောင် စိတ်ကြွဆေးပြား ၁၆၈၄၀၀ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ပေါင်း ၄၂၀၀ ကျော်) နှင့်အတူ မအေးအေးဝင်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူများကို ဗဟန်းမြို့မ ရဲစခန်းနှင့် စမ်းချောင်းမြို့မ ရဲစခန်းတို့တွင် ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required