ရက်ရှ်ဖို့ဒ်အပြင် ပေါ့ဂ်ဘာကိုပါ ပင်တိုင်ပင်နယ်တီကန်သူအဖြစ် ဆိုးလ်ရှား အခွင့်အရေးပေးမည်

ရက်ရှ်ဖို့ဒ်အပြင် ပေါ့ဂ်ဘာကိုပါ ပင်တိုင်ပင်နယ်တီကန်သူအဖြစ် ဆိုးလ်ရှား အခွင့်အရေးပေးမည်
Photos: EPA

ဆိုးလ်ရှားလ်က မန်ချက်စတာယူနိုက်တက်နဲ့ ဝုဗ်လ်အသင်းတို့ တစ်ဖက် (၁)ဂိုးစီ သရေရလဒ်ထွက်ခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီသွင်းဂိုး ရယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပင်တိုင်ပင်နယ်တီကန်းသွင်းမယ့်သူအဖြစ် နောက်ထပ် အအခွင့်အရေးပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

ဝုဗ်လ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ပင်နယ်တီရရှိခဲ့ချိန်မှာ ပေါ့ဂ်ဘာကန်သွင်းယူခဲ့ပြီး ဂိုးသမား ပတ်ထရီဆီယိုက ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပေါ့ဂ်ဘာအပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ရက်ရှ်ဖို့ဒ် သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ ပင်နယ်တီမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ ကစားသမားနှစ်ဦးလုံးမှာ ပင်နယ်တီကန်သွင်းခွင့် အခွင့်အရေးရှိနေခဲ့တယ်လို့ ဆိုပါတယ်။

"မန်ယူနိုက်တက်အသင်းအတွက် ပေါ့ဂ်ဘာ ပင်နယ်တီကန်သွင်းတာကို နောက်တစ်ကြိမ်မြင်တွေ့ချင်ကြမယ်ဆိုတာ ကျနော် သေချာပါတယ်။ ကျနော်တို့ နောက်ထပ် ပင်နယ်တီရတဲ့အခါ ကြည့်ကြတာပေါ့။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ကျနော်တို့ဟာ ပင်နယ်တီကန်သွင်းမှုတွေကို အကြိမ်ကြိမ် လေ့ကျင့်နေပြီး မာကတ်စ်နဲ့ ပေါလ်တို့ နှစ်ဦးလုံးမှာ အခွင့်အရေးရှိနေဆဲပါ။ နောက်ရလာမယ့် ပင်နယ်တီကို မာကတ်စ် ဒါမှမဟုတ် ပေါလ်က ကန်သွင်းပါလိမ့်မယ်။

"ကျနော်တို့ ပွဲတစ်ပွဲအနိုင်မရဘူးဆိုရင် စိတ်ပျက်ရပါတယ်။ ဒါပေမယ့် ရလဒ်ကောင်း မရတဲ့အချိန် ပွဲပြီးပြောဆိုရတာက ပိုပြီးခက်ခဲပါတယ်။

"ရာသီတစ်လျှောက်လုံးအတွက် ပင်နယ်တီကန်သွင်းဖို့ ကစားသမား နှှစ်ဦးကို ကျနော်တို့ ရွေးချယ်ခဲ့ပါတယ်။ မာကတ်စ်နဲ့ ပေါလ်တို့ မကစားနိုင်တဲ့ပွဲတွေလည်း ရှိလာဦးမှာပါ။ ပင်နယ်တီကန်သွင်းသူနေရာကို တစ်ဦးတည်းက ဗိုလ်ကျစိုးမိုးထားတာ မဖြစ်သင့်ပါဘူး။"

ဝုဗ်လ်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်မှုကြောင့် တွစ်တာမှာ လူမျိုးရေးခွဲခြားခံခဲ့ရပေမယ့်လည်း ပေါ့ဂ်ဘာဟာ စိတ်ဓာတ်ခိုင်မှုသူဖြစ်ပြီး အခုလို ဝေဖန်တိုက်ခိုက်မှုတွေကြောင့် ပေါ့ဂ်ဘာအနေနဲ့ အကောင်းဆုံးပုံစံ ပြန်လည်ပြသနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ယူနိုက်တက်အသင်းက ဆိုရှယ်မီဒီယာကုမ္ပဏီများအနေနဲ႔ သူတို့ရဲ့ အသုံးပြုသူတွေ (users) အပေါ် ကာကွယ်မှု ပိုမိုပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပြီး တွစ်တာဟာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly