အပြန်အလှန် အခွန်ချမှတ်မှုတွေနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် အရှိန်မြင့်လာ

အပြန်အလှန် အခွန်ချမှတ်မှုတွေနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် အရှိန်မြင့်လာ

၀ါရှင်တန်၊ သြဂုတ် ၂၄ ။        ။ တရုတ်နိုင်ငံက အမေရိကန်ကုန်စည်တွေကို သွင်းကုန်ခွန် တိုးမြှင့်ကြောင်း ကြေညာလိုက်တာကို သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်တွေအပေါ် လက်တုံ့ပြန် အခွန် တိုးမြှင့်လာတာကြောင့်် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ဟာ ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။

တရုတ်က သွင်းကုန်တွေအပေါ် အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးကြောင်း သောကြာနေ့က တွစ်တာပို့စ်တွေ ရေးတင်ရင်း ထရမ့်က ကြေညာလာတာပါ။

တရုတ်ဖက်က အမေရိကန်ကုန်စည် ဒေါ်လာ ၇၅ ဘီလီယံဖိုးအပေါ် စည်းကြပ်ခွန် တိုးမြှင့်ဖို့ အစီအစဉ်ကို ကြေညာလာပြီးနောက်မှာ ထရမ့်က လက်တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး စေ့ဆော်ချက်ပါတယ်လို့ ထရမ့်က ပြောဆိုပြီး တရုတ်နိုင်ငံဟာ အမေရိကန်အပေါ် အကျိုးစီးပွား အသားစီးယူနေတယ်လို့လည်း စွပ်စွဲပါတယ်။

“ဝမ်းနည်းစရာက အရင် အစိုးရတွေဟာ တရုတ်နိုင်ငံရဲ့ မမျှတတဲ့ ကုန်သွယ်မှုနဲ့ ချိန်ခွင်လျှာ မညီမျှတဲ့ ကုန်သွယ်ရေးကို ခွင့်ပြုထားခဲ့ကြတယ်။ ဒီအတွက် အမေရိကန် အခွန်ထမ်းပြည်သူတွေ ကြီးမားတဲ့ ဝန််ပိနေရတာပဲ။ ကျွန်တော်လက်ထက်မှာ ဒါကို ဆက်ဖြစ်နေတာ ခွင့်မပြုနိုင်ဘူး။”လို့ ထရမ့်က တွစ်တာကနေ ရေးသားပါတယ်။

ဒီလို တရုတ်အပေါ် အပြန်အလှန် အခွန်လက်တုံ့ပြန်ပြီးနောက် ပြင်သစ်မှာ ကျင်းပမယ့် ဂျီ ၇ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ဦးတည်ထွက််ခွာခါနီးမှာလည်း ထရမ့်ဟာ ပြင်သစ်ဝိုင်တွေအပေါ် အခွန်စည်းကြပ်တော့မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်ပြီး ကမ္ဘာ့စီးပွားရေး အကျရိပ်ဆီ ဦးတည််နေချိန်မှာ ၄၅ ကြိမ်မြောက် ဂျီ ၇ ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ သြဂုတ် ၂၄ ကနေ ၂၆ ရက်အထိ ကျင်းပဖို့ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly