တီဟီရန်၊ သြဂုတ် ၂၃ ။ ။ အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ အီရန်နိုင်ငံဟာ ၎င်းရဲ့ ပြည်တွင်းဖြစ် လေကြောင်းကာကွယ်ရေးစနစ်သစ်ကို ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် တာဝေးဒုံးကျည်ကာကွယ်ရေးစနစ်ကို Bavar-373 လို့ အီရန်တာဝန်ရှိသူတွေက အမည်ပေးထားပါတယ်။
ရုရှားနိုင်ငံဆီက S-300 စနစ် ဝယ်ယူမယ့်အရေးကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင်း ၂၀၁၀ မှာ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ ယုံကြည်မှုလို့ အဓိပ္ပာယ်ရတဲ့ Bavar ကို အီရန်ဟာ စတင်တီထွင်တည်ဆောက်လာခဲ့တာပါ။
ရွှေ့လျား မြေပြင်မှ ဝေဟင်ပစ် ဒုံးခွင်းဒုံးစနစ်ဖြစ်တဲ့ Bavar စနစ် ဖွင့်လှစ်ပြသပွဲကို သမ္မတ ဟတ်ဆန်ရိုဟာနီ တက်ရောက်ခဲ့ပြီး ဒီ စနစ်ကို အီရန်ရဲ့ ဒုံးကျည််ကာကွယ်ရေးကွန်ရက်မှာ ဖြည့်ဆည်းဖြန့်ကြက်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။
“တာဝေး Bavar-373 ဒုံးစနစ်ဟာ အီရန်ရဲ့ ဘူမိအနေအထားနဲ့ အံ့ဝင်ခွင်ကျဖြစ်တယ်။ ကီလိုမီတာ ၂၀၀ ကျော်အထိ ပစ်လွှတ်နိုင်တဲ့ ဒုံးခွင်းဒုံးဖြစ်ပြီး ရုရှားရဲ့ S-300 နဲ့ အမေရိကန်ရဲ့ Patriot ဒုံးခွင်းစနစ်တွေနဲ့ ပုခုံးချင်း ယှဉ်နိုင်တယ်။”လို့ IRNA သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ရဲ့ ဒီ စနစ်ဟာ S-300 ထက် ပိုကောင်းပြီး S-400 စနစ််နဲ့ မတိမ်းမယိမ်းပဲလို့ သမ္မတ ရိုဟာနီဟာ ဖွင့်ပွဲအပြီး ရုပ်သံကနေ မိန့်ခွန်းပြောခဲ့ပါတယ်။