အမေပြောတော့ တရုတ်ပြည်မှာ အလုပ်သွားရှာမယ်ဆို ဘာလို့ အိမ်ထောင်သွားပြုတာလဲ…?

By မိုင်းအနိုင်၊ ရွှေဖီမြေ
19 August 2019
အမေပြောတော့ တရုတ်ပြည်မှာ အလုပ်သွားရှာမယ်ဆို ဘာလို့ အိမ်ထောင်သွားပြုတာလဲ…?

အသက် ၁၂ နှစ်အရွယ်ကတည်းက လွေးအီဟာ သူမတစ်ယောက်ထဲ ဘဝကို ရုန်းကန်လာခဲ့ရပါတယ်။ အဲဒီအချိန်က ၂၀၀၉ ခုနှစ် ဝန်းကျင်ဖြစ်ပါတယ်။ ရွာအတွင်းစီးပွားရေးလုပ်ငန်းလည်း မပြေလည်တာမို့ တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ဆိုပြီး စည်းရုံးနေတဲ့ လုပ်ငန်းတွေက ခေတ်စားနေချိန်ဖြစ်ပါတယ်။ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ အထက်ဘက် တောင်ပေါ်ကျေးရွာတစ်ဝိုက်ဒေသက ဖြစ်ပါတယ်။

ထိုစဉ်က လွေးအီရဲ့ အစ်မဖြစ်သူ လွေးအေဟာ အသက် ၁၇ နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ မိုင်းဝီးကျေးရွာမှာ နေထိုင်တဲ့ မခွမ်ဆိုသူက လွေးအေကို တရုတ်ပြည်မှာ အလုပ်လုပ်ဖို့အတွက်နဲ့ဆိုပြီး စည်းရုံး ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ လွေးအီနဲ့ အမေဖြစ်သူ ဒေါ်အိုတို့က စားဝတ်နေရေးအတွက် ရုန်းကန်နေရချိန်ပဲဖြစ်ပါတယ်။ အဖေဖြစ်သူကလည်း လွေးအီ အသက် ၃ နှစ်အရွယ်ကတည်းက ဆုံးသွားခဲ့တာပါ။

လွေးအီရဲ့အစ်မဖြစ်သူ လွေးအေက တရုတ်နိုင်ငံဘက်ကို ထွက်ခွာပြီး လပိုင်းအတွင်းပဲ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာက မခွမ်ဆိုသူကပဲ လွေးအီရဲ့ အမေဖြစ်သူကိုပါ စည်းရုံးပြီး တရုတ်ပြည်ဘက်ကို အလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားခဲ့ပါတယ်။

“အမေကတော့ တရုတ်ပြည်မှာ ပိုက်ဆံသွားရှာမယ်ပြောပြီး သွားတာပဲ။ ဟိုမှာ ဘာလို့ ယောက်ကျားရသွားလည်း မသိဘူး။ အဲတုန်းကလည်း ကျွန်မတို့ တော်တော်လေး ဆင်းရဲတော့ ပိုက်ဆံသွားရှာမယ်ထင်တာလေ” လို့ လွေးအီက လွန်ခဲ့တဲ့ ၁ဝ နှစ်ကအကြောင်းအရာကို ပြန်ပြောင်း ပြောပြပါတယ်။

အဲနောက်ပိုင်းတော့ လွေးအီဟာ အမေဖြစ်သူ၊ အစ်မဖြစ်သူတို့နဲ့ အဆက်အသွယ်မရတော့ပါဘူး။ သူမဟာ ရွာထဲက အဒေါ်ဖြစ်သူဆီမှာ နေထိုင်ရင်း အိမ်မှုကိစ္စတွေလုပ်ရပါတယ်။ ကျောင်းလည်း မတက်ခဲ့ရပါဘူး။ အဒေါ်ဖြစ်သူမှာလည်း မိဘမဲ့ မောင်နှမမဲ့နေတဲ့ လွေးအီအပေါ် ကြည်ကြည်ဖြူဖြူဆက်ဆံတာ သိပ်မရှိပါဘူး။ ရိုက်နှက်တာတွေ အလုပ်မတရား ခိုင်းတာတွေ ရှိခဲ့တယ်လို့ လွေးအီက အတိတ်အကြောင်းကို ဆိုပါတယ်။

လွေးအီ အသက် ၁၆ နှစ်အရွယ်မှာတော့ အစ်မဖြစ်သူ လွေးအေက ရွာကို ခဏပြန်လာပြီး သူမ တရုတ်ပြည်မှာ အိမ်ထောင်ကျနေပြီဖြစ်ကြောင်း အမေလည်း တရုတ်ပြည်မှာ အိမ်ထောင်ကျနေပြီဖြစ်ကြောင်း လာရောက်ပြောပြခဲ့ပါတယ်။ အိမ်ထောင်ကျတယ်လို့သာ ပြောပြီး ရောင်းစားခံရတာလား သူတို့သဘောဆန္ဒအရ ငွေကြေးယူထားပြီး ပေါင်းသင်းနေထိုင်လားဆိုတာကိုတော့ လွေးအီက သေချာမသိခဲ့ရသလို ခေါ်ဆောင်သွားတဲ့ မခွမ်ဆိုသူကိုလည်း ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

ဒါပေမဲ့လည်း ကျေးရွာဒေသခံတွေကတော့ ဒီလိုဖြစ်စဉ်တွေကို မကြာခဏ ကြုံတွေ့နေရပြီး နေရပ်ကို ပြန်မလာတော့ဘဲ တရုတ်နိုင်ငံမှာသာ အခြေချသူတွေ ရှိနေတာကြောင့် လူကုန်ကူးနိုင်ခြေ အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အဲလိုဖြစ်တော့ ကျွန်မ အဒေါ်တွေ ဦးလေးတွေဆီ အမေနဲ့အစ်မကို ပြန်ခေါ်ပေးဖို့ အကူအညီတောင်းတယ်။ သူတို့ကတော့ ဘယ်မှာနေလို့ ဘယ်မှာကယ်ရမလဲ။ ကယ်တော့လဲ ဘာရမလဲဆိုတဲ့ အဖြေပဲ ပြန်ပေးတယ်” လို့ လွေးအီက ညည်းတွားပါတယ်။

လွေးအီရဲ့အဒေါ်ဖြစ်သူ ဒေါ်အီခမ်း(အမည်လွဲ)က “သူ့အမေ တရုတ်ပြည်မှာ အိမ်ထောင်ကျသွားတယ်ဆိုတာ အန်တီတို့ အစကမသိဘူး။ သူ့အစ်မပြန်လာပြောပြမှ သိတာလေ။ အီကိုတော့ သနားတယ်။ ဒါပေမဲ့ သူ့အမေဘယ်မှာနေလဲဆိုတာ မသိဘူးလေ။ ကယ်တော့လည်း သူ့အမေက နောက်ကလေးတွေနဲ့ဆိုတော့ ပြန်လာချင်မှာ မဟုတ်လောက်ဘူး” လို့ ပြောပါတယ်။

အစ်မဖြစ်သူ ပြန်လာပြီးနောက်ပိုင်း အမေဖြစ်သူဆီ တရုတ်ဖုန်းနဲ့ ရံဖန်ရံခါ အဆက်အသွယ်ရခဲ့ပါတယ်။ အမေဖြစ်သူက ယူနန်ပြည်နယ်ထဲမှာ နေထိုင်ပြီး ကလေးရနေကြောင်း၊ သူမနေထိုင်တဲ့ ရွာနာမည်ကိုတော့ မမှတ်မိတော့တဲ့အကြောင်း ပြောပြပါတယ်။

ဒီလိုနဲ့ လွေးအီဟာ အသက် ၁၉ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အသက် ၂၀ နှစ်ထဲမှာ ကလေးတစ်ယောက် မွေးခဲ့ပြီး ကလေးအသက် ၂ လအရွယ်မှာပဲ ယောက်ကျားဖြစ်သူနဲ့ အိမ်ထောင်ကွဲခဲ့ပါတယ်။ ယောက်ကျားဖြစ်သူဟာ ဘိန်းစားဖြစ်ပြီး နောက်မိန်းမယူသွားတဲ့အတွက် အိမ်ထောင်ကွဲသွားတာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပြပါတယ်။

“ကျွန်မ အိမ်ထောင်မကွဲခင် ပြီးခဲ့တဲ့ ၂ နှစ်က အမေနဲ့ အစ်မက ရွာကိုလာသေးတယ်။ ကျွန်မက ယောက်ကျား နေတဲ့ရွာဘက်မှာ ရှိနေတော့ မတွေ့ခဲ့ရဘူး။ သူတို့မှာလည်း အချိန်မရှိဘူးဆိုပြီး ငါးရက်ပဲနေပြီးတော့ တရုတ်ပြည်ကို ပြန်သွားကြတယ်။ မူဆယ်ကနေ သူတို့နေတဲ့ဘက်ထိ သွားရင် ၅ ရက်ကြာတယ်လို့တော့ ပြောတယ်” လို့ လွေးအီက ဆိုပါတယ်။

“အမေတို့က သူတို့သံနုတ်တဲ့ အလုပ်ဆိုလားမသိဘူး လုပ်တယ်လို့ပြောတယ်။ ဟိုမှာနေတော့ သူတို့အိမ်အပြင်် ဘက်တောင် သိပ်မထွက်ရဲကြဘူး။ သူတို့မှာ အထောက်အထားမရှိဘူးလေ။ အဲကြောင့် တစ်နှစ်တစ်ခါလောက်ပဲ ပိုက်ဆံပို့လာတယ်။ တစ်ခါပို့ရင် ယွမ် ၅၀၀ (မြန်မာငွေ ၁ သိန်း)လောက်ပို့တယ်” လို့ လွေးအီက ပြောပါတယ်။

လက်ရှိမှာတော့ လွေးအီဟာ ၂ နှစ်အရွယ် သမီးလေးနဲ့အတူ တဲအိမ်လေးမှာ နေထိုင်ပြီး ဘဝကို ရုန်းကန်နေရပါတယ်။ လွေးအီဟာ တောင်ယာလုပ်ချိန်ဆို နေ့စားသွားလုပ်လေ့ရှိပြီး သာမန်ချိန်မှာ ဖျာယက်လုပ်ပြီး သားအမိ ၂ ယောက်ရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

လွေးအီလိုဘဲ နမ့်ခမ်းမြို့နယ်က တောင်ပေါ်ကျေးရွာတွေမှာ ကိုယ့်မိဘ ကိုယ့်သားသမီးတွေ တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုပြီး သွားရာကနေ လူကုန်ကူးခံနေရသူတွေ ရှိသလို လုပ်ငန်းခွင်ကိုသွားရင်း ပျောက်သွားတဲ့လူတွေ အများကြီး ရှိနေပါသေးတယ်။ ဒီလိုဖြစ်နေရခြင်းရဲ့ အဓိကပြဿနာကတော့ စီးပွားရေးအခြေအနေ မကောင်းခြင်း၊ နယ်မြေဒေသ မငြိမ်းချမ်းခြင်းတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပညာမတတ်တာတွေ၊ အသိပညာနည်းတာတွေကြောင့် လူကုန်ကူးသူတွေဟာ ကျေးလက်က အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေကို အဓိက ပစ်မှတ်ထားပြီး တရုတ်နိုင်ငံဘက်ကို လိမ်လည်ခေါ်ဆောင်သွားပြီး လူကုန်ကူးတာတွေ လုပ်ဆောင်နေကြတာပါ။

တရုတ်ပြည်ဘက်ကို မြန်မာနိုင်ငံသား နှစ်စဉ် လူဦးရေ သောင်းဂဏန်းကျော်အထိ သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဲဒီဦးရေထဲမှာမှ နောက်ဆုံးရထားတဲ့စာရင်းအရ မူဆယ်မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ အခြားအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးမှုကြောင့် ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ဖေဖော်ဝါရီလအထိ လူကုန်ကူးမှုပေါင်း ၄၅ မှုကိုု ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ မူဆယ်မြို့နယ် လူကုန်တားရဲတပ်ဖွဲ့မှူးကျော်ညွန့်က ဆိုပါတယ်။

တစ်နှစ်ကျော်အတွင်းမှာပင် လူကုန်ကူးတရားခံနဲ့ တရားခံလို့ ယူဆရတဲ့ လူ ၁၀၀ ကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေလည်း ၅၀ ကျော်အထိ ရှိနေပါတယ်။

အဲဒီစာရင်းတွေဟာ ဖမ်းဆီးရမိတဲ့စာရင်းတွေသာဖြစ်ပြီး မဖမ်းမိတဲ့အမှုတွေလည်း အများကြီးရှိနေပါသေးတယ်။ ဒါကြောင့်လည်း တစ်နှစ်တစ်နှစ် လူကုန်ကူးခံရတဲ့ စာရင်းအတိအကျကိုရရှိဖို့ အခက်အခဲရှိနေပါတယ်။

“ပုံစံတွေက ပြောင်းလဲလာတယ်။ အရင်က လိမ်ညာပြီးတော့ စည်းရုံးတယ်။ အခုက တိုက်ရိုက်စည်းရုံးတယ်။ ပွဲစားတွေက ကလေးတစ်ယောက် မွေးပေးရင် ဒီလောက်ရမယ် စသဖြင့် တိုက်ရိုက်စည်းရုံးလာနေတာ တွေ့ရတယ်” ဆိုပြီး မူဆယ်မြို့နယ် လူကုန်တားရဲတပ်ဖွဲ့ ရဲမှူးကျော်ညွန့်က ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းနဲ့မူဆယ်မြို့နယ်တွေဟာ တရုတ်နိုင်ငံ ကျယ်ကောင်၊ ရွှေလီရဲ့နယ်စပ်မြို့တော်ဖြစ်ပြီး လူကုန်ကူးခံရသူရှိသလို၊ မိမိကိုယ်ကို လူကုန်ကူးမှု ပြုလုပ်နေသူတွေလည်း ခေတ်စားလာနေကြောင်း နမ့်ခမ်းမြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဌ တားမြင့်ကျော်က ပြောပါတယ်။

“အရင်က သူများ လူကုန်ကူးလို့ ခံရတာ။ အခုက မဟုတ်တော့ဘူး။ ကိုယ့်ကို လူကုန်ကူးနေတာ။ ပြီးတော့ ဆွေမျိုး သားချင်း လူမျိုးတူချင်း အချင်းချင်း ပြန်ကူးတာတွေများလာတယ်။ ပြီးတော့ သူတို့က မသွားခင်ကတည်း သိတဲ့သူတွေနဲ့ တိုင်ပင်သင့်တယ်။ သူတို့ သွားတုန်းက အသိမပေးဘူး။ ဒုက္ခရောက်မှ ကျနော်တို့ကို လာပြောတော့ နောက်ကျပြီလေ။ မသွားခင်ကတည်းက လာပြောရင် ကျနော်တို့ ပြောပြမယ်။ သွားသင့် မသွားသင့် ပို့ပေးတဲ့ပွဲစားတွေ ယုံရမယုံရ ပြောပြမယ်” လို့ တားမြင့်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ MOU လက်မှတ်မထိုးထားတဲ့အတွက် လူကုန်ကူးတာတွေ အလွယ်တကူခံရနိုင်ပြီး တရုတ်ပြည်ဘက်ကို ရောက်သွားရင် တရားခံဖမ်းမိဖို့ မလွယ်တော့ကြောင်း လူကုန်တားရဲမှူးကျော်ညွန့်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဒေသတွင်းမှာသာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသတွင်း ငြိမ်းချမ်းရင် တရုတ်နိုင်ငံဘက် အလုပ်သွားရောက်လုပ်ကိုင်မှု နည်းပါးလာမှာဖြစ်သလို လူကုန်ကူးမှုလည်း လျှော့ကျလာမှာ ဖြစ်ပါကြောင်း…။

Mizzima Weekly