လှော်ကားလမ်းဘေးမှ အလောင်း သုံးလောင်းအတွက် ဆက်သွယ်လာမှု မရှိသေး

By နူးရာ
10 August 2019
လှော်ကားလမ်းဘေးမှ အလောင်း သုံးလောင်းအတွက် ဆက်သွယ်လာမှု မရှိသေး
ထောက်ကြန့် လှော်ကားလမ်းဘေးတွင် တွေ့ရှိခဲ့သည့် လူငယ်အလောင်း(၃)လောင်းနှင့် ပတ်သက်၍ စုံစမ်းနေဆဲ

ရန်ကုန်၊ သြဂုတ်လ ၁၀ ရက် ။        ။ ထောက်ကြန့် လှော်ကားလမ်းဘေးတွင် တွေ့ရှိခဲ့သည့် လူငယ်အလောင်း(၃)လောင်းနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း ဆက်သွယ်သတင်းပေးပို့ရန် ထုတ်ပြန်ကြေညာထားသော်လည်း မည်သူမျှ ဆက်သွယ်လာခြင်း မရှိသေးကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် နံနက် ၈နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားမောင်းတံဂိတ်၏ တောင်ဘက် (၂)ဖာလုံခန့်အကွာ လှော်ကားလမ်းဘေး၌ အမည်/နေရပ်(စိစစ်ဆဲ) အသက်(၁၇)နှစ်ဝန်းကျင် လူငယ်အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလောင်းများအနက် အမျိုးသမီးတစ်ဦး၏ အလောင်းမှာ ပက်လက်အနေ အထားဖြင့်လည်းကောင်း၊ အမျိုးသား(၂)ဦးမှာ မှောက်ခုံထပ်လျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအလောင်းများသည် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကာ ကနဦးစစ်ဆေးချက်များအရ အစာအိမ်တွင် အစာမရှိကြောင်း အဆုတ်လေမွန်းကြပ်၍ သေဆုံးခြင်းဖြစ်ပြီး ဦးခေါင်းပိုင်းနှင့်ခန္ဓာကိုယ်တို့တွင် သေစေလောက်သည့် ပြင်ပ ဒဏ်ရာ/ထိုးသွင်း ဒဏ်ရာမရှိကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သေဆုံးသူ အလောင်းများ၏အနီးတွင် မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ထမင်းထုပ် (၃)ထုပ်နှင့် အလောင်းများတွင် သဲများကပ်နေသည်ကို တွေ့ရှိရကြောင်း ဆက်လက် ဖော်ပြထားသည်။
အဆိုပါအမှုကို ထောက်ကြံ့နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး သေဆုံးသူများ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိပါက ဖုန်းနံပါတ် -09 250374677 ၊ 01 9437032 ၊ 01 2323199 သို့ ဆက်သွယ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုန်ပြန်ထားခဲ့သည်။
 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly