“ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ခေါင်းဆောင်နိုင်မလား ”

“ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ခေါင်းဆောင်နိုင်မလား ”

အခုရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ အနှံ့အပြားကို သွားရောက်ပြီး အင်န်အယ်လ်ဒီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ပွဲတွေ ပြုလုပ်နေပါတယ်။ မဲဆွယ်ပွဲတွေမှာ မိန့်ခွန်းပေါင်းများစွာ ပြောဆိုပြီး အကြောင်းအရာ မျိုးစုံလည်း ပါဝင်ပါတယ်။ ဒီအထဲ ပြည်တွင်းပြည်ပက နိုင်ငံရေး အကဲခတ်သမားတွေ စိတ်ဝင် စားတဲ့ အကြောင်းအရာ တစ်ခုကတော့ တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ အင်န်အယ်လ် ဒီ ပါတီသာ အနိုင်ရခဲ့ရင်၊ အင်န်အယ်လ်ဒီ ပါတီကတင်တဲ့ တစ်ယောက်ယောက် သမ္မတဖြစ် ပြီး အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့ရင် အဲဒီအစိုးရကို သူကိုယ်တိုင် ဦးဆောင်မယ်ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာကို ရည်ရွယ်ပြီး ပြောတာပါလဲ၊ သူမျှော်လင့်သလို အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မလားဆိုတာ ဒီကနေ့ ဝေဖန် ဆွေးနွေး သုံးသပ် ကြည့်ကြရအောင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး တစ်ချို့ နိုင်ငံရေးအကဲ ခတ်နဲ့ စာနယ်ဇင်း သမားတွေကတော့ ဒေါ်စုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကောင်းကောင်း မသိဘူးလို့ ဝေဖန်ကြ ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံတော် သမ္မတကို နိုင်ငံရဲ့ အကြီးအကဲ အထွတ်အထိပ်ဆိုပြီး ပြဌာန်းထားတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ ဒေါ်စုဟာ သမ္မတ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဘယ်လိုလုပ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မှာ လဲဆိုပြီး မေးခွန်းထုတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့ နိုင်ငံရေးသမားတွေကတော့ ဒေါ်အောင် ဆန်းစုကြည် ပြောပုံဆိုပုံဟာ သမ္မတကို ရုပ်သေးရုပ် အဆင့်လောက်ပဲထားပြီး သူပဲ တိုင်းပြည် ကို စီမံခန့်ခွဲမယ်၊ ဒါဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော ညီသလားဆိုပြီး မေးခွန်းထုတ်တာမျိုး လည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့အဲဒီစကားကို အသေအခြာ ပြင်ဆင်ပြီးမှပြောပုံရပါတယ်။ ယုံယုံကြည်ကြည်နဲ့ ပြောပုံရပါတယ်။ အခုနောက်ဆုံး မဲဆွယ် စည်းရုံးပွဲတွေ မှာ သူ့ကို သမ္မတမဖြစ်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉(စ) အကြောင်းကိုလည်း သိပ်ပြီး မပြောကြတော့ဖို့ တောင်းဆိုပါတယ်။ သူက တကယ်လို့ အင်န်အယ်လ်ဒီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအဖြစ် ပါတီဝင်တွေ ကိုချည်း ခန့်ထားမှာ မဟုတ်ဘူး၊ တကယ်တော် တကယ်တတ်တဲ့ ပြင်ပက ပညာရှင်တွေကိုလည်း ခန့်ထားဖို့ အစီအစဉ်ရှိတယ် ဆိုတာမျိုးအထိ ထုတ်ပြောလာပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်၊ သမ္မတ မြှောက် အစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ ယုံကြည်နေပုံပါပဲ။

မှန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် နိုင်ငံတော်ရဲ့ အကြီးအကဲ အထွတ်ထိပ် ဟာ သမ္မတပါ။ လက်ရှိ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ်တွေဟာ ပြည်ထောင်စု လွှတ်တော်ထဲမှာ တပ်မတော် သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက်နဲ့ ဒုသမ္မတ နှစ်ယောက် ရွေးကောက် တင်မြှောက်ကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမအဆင့် ရည်မှန်းချက်ကတော့ ရွေးကောက်ပွဲ အနိုင် ရပြီးနောက် လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ထဲက သူရည်ရွယ် ရွေးချယ်ထားသူ တစ်ယာက်ယောက်ကို သမ္မတဖြစ်အောင် ကြိုးစားပေး မယ့်ပုံ ပေါ်ပါတယ်။ အဲဒီ တစ်ယောက်ယောက် သမ္မတဖြစ်ရင် အစိုးရအဖွဲ့ ဖွဲ့တဲ့အခါ သူကိုယ် တိုင် ဝန်ကြီးအဖြစ်နဲ့ ပါဝင်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။

တကယ်လို့များ ဒေါ်စုဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါး ဖြစ်ပြီဆိုတာနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မယ်ဆိုတာ အသေအခြာပါပဲ။ ပုံမှန်အားဖြင့် သမ္မတဟာ အစိုးရအဖွဲ့ကို ဦးဆာင် ခွင့်ရှိပေမယ့် အင်န်အယ်လ်ဒီကတင်တဲ့ သမ္မတကတော့ ဂုဏ်ထူးဆောင် သမ္မတ အဖြစ် လောက်နဲ့ ရပ်တည်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို အတည်ပြု၊ ထောက်ခံ ပေးနေလို့ ရပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကို ကြည့်လိုက်ရင်လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို အစိုးရအဖွဲ့ကို ဦးဆောင်နေသူအဖြစ် မှတ်ယူနိုင်ပါတယ်။ သမ္မတရဲ့ သဘောတူညီချက်နဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတော်များများကို ချမှတ်သလို၊ ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ပါတယ်။ ဦးစိုးသိန်းဟာ ဒုသမ္မတတွေထက်ကို တန်ခိုး သြဇာ ကြီးတယ်လို့ အစိုးရ အသိုင်းအဝိုင်းက ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝန်ကြီး ရာထူးရယူပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေရင်လည်း ဖွဲ့စည်းပုံကို ဘယ်လိုမှ ချိုးဖေါက် ရာ မရောက်နိုင်ပါဘူး။ လောလောဆယ် ရွေေးကာက်ပွဲမှာ အနိုင်ရပြီး အာဏာရဖို့ရှိတဲ့ အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီ မလွဲမသွေ ရင်ဆိုင်ရမယ့် ဖွဲ့စည်းပုံဆိုင်ရာ နောက်ပြသနာတစ်ခု ရှိနေပါသေး တယ်။ အဲဒါကတော့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရေး ကိစ္စပါ။ ပုံမှန်အားဖြင့် သမ္မတကပဲ အဲဒီ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ခန့်အပ်နိုင်တယ်ဆိုပြီး ဖွဲ့စည်းပုံမှာ ရေးထားပေမယ့်လည်း ဒါကို တိုင်းရင်းသားပါတီတွေက လက်မခံပါဘူး။ အခုဆိုရင် ရှမ်း၊ ချင်း၊ ရခိုင်၊ မွန် ပါတီ အားလုံး လိုလိုလောက်ဟာ သူတို့ပါတီက တစ်ယောက်ယောက်ကို ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် မယ့် ပါတီဘက်က သမ္မတလောင်းကိုပဲ မဲပေးမယ်ဆိုပြီး အတိအလင်း ပြောဆိုထားပြီးပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော် သမ္မတရွေးပွဲမှာ တိုင်းရင်းသား ပါတီတွေရဲ့ မဲရ ချင်တဲ့ ပါတီကြီးတွေဟာ အဲဒီအချက်ကို လိုက်လျော ရပါလိမ့်မယ်။ အဲလို လိုက်လျောလိုက်ရုံနဲ့ လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်တယ် မခေါ်ပါဘူး။ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်တာချင်း အတူတူပဲမို့ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို ဦးဆောင်မယ် ဆိုတာဟာ ပြည်နယ် ဝန်ကြီးချုပ်ခန့်တဲ့ သဘောနဲ့ ဆင်တူယိုးမှား ဖြစ်ပါတယ်။ သူ့ပါတီ အနိုင်ရလို့ သူ့ပါတီက တစ်ယောက်ယောက်ကို သမ္မတတင်တယ်၊ အဲဒီ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်တယ် ဆိုတာမျိုးဟာ ဘယ်လိုနည်းနဲ့မှ ဖွဲ့စည်းပုံကို သွားမထိခိုက်ပါဘူး။ ဒါပေမယ့် လည်း ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ပဲ ရှိပါသေးတယ်။ တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီး စောင့်ကြိုနေပါသေးတယ်။ အဲဒါတွေကတော့ အပစ်အနာအဆာ များလှတဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ ကောင်းကောင်း အနိုင်ရနိုင်ပါ့မလား၊ အနိုင်ရပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ သူမျှော်မှန်းတဲ့ သမ္မတတစ်ယောက် တင်နိုင်မှာလား၊ သမ္မတတင်နိုင်၊ အစိုးရ ဖွဲ့နိုင်ပါပြီတဲ့ အဲဒီအစိုးရကို လက်ရှိ အာဏာရယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ် တွေကနေ ရှောရှောရှူရှူ အာဏာ လွဲှပြောင်းပေးပါ့မလား ဆိုတာတွေပဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags