တကြော့ပြန် သဘာဝဘေးဥပါဒ် အန္တရာယ်လော

တကြော့ပြန် သဘာဝဘေးဥပါဒ် အန္တရာယ်လော

လွန်ခဲ့သော ၂ လအတွင် မြန်မာနိုင်ငံအနှံံံ့တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရေကြီးရေလျှံမှုကြောင့် လူအများ အိုးအိမ်များဆုံးရှုံး လယ်ယာမြေနှင့် အသက်ဆုံးရှုံးမှုများပါ ရှိခဲ့သည်။ တတိုင်းပြည်လုံးက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဖြင့် တော်တော်လေး အချိန်ပေး ကူညီကယ်ဆယ်ခဲ့ကြ ကူညီဖေးမခဲ့ ကြရသည်။ ကိုးလပိုင်းနှောင်းပိုင်းတွင် သဘာဝဘေးဥပါဒ် အန္တရယ်များ ပြန်လည်ငြိမ်သက် သွားခဲ့ပြီးပြန် လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်ကြရသည်။

ထိုအချိန်မှာပင် မိုးက လုံးလုံးကြီး လျော့ပါးသွားသည်ဟူ၍ မရှိ။ တချို့နေရာများတွင် မိုးသည်း ထန်မှုများ ဆက်ဖြစ်လာခဲ့ ပြန်သည်။ အထူးသဖြင့် ပြီးခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှု အများ ဆုံးဖြစ်ခဲ့သည့် ကလေးနှင့် စေတုတ္တရာလို မြို့များတွင် မိုးရေကြောင့် ရေပြန်ကြီးမည့် လက္ခ ဏာများ ပြလာခဲ့ပြန်သည်။

စေတုတ္တရာမြို့နယ်အတွင်းက မုန်းချောင်းဘေး ကျေးရွာတချို ့တောင်ပေါ်ရေများ မမျှော်လင့် သည့် နေရာမှ ထိုးကျလာခြင်းများ ရှိခဲ့သည်။ ပြီးခဲ့သည့် ရေကြီးရေလျှံဖြစ်စဉ်က ယင်းနေရာများတွင် ယခုလို တောင်ကျရေများ ဒလဟော ကျလာခြင်း မရှိခဲ့။ ထို့ကြောင့် လူအသေအပျောက် သတင်းများ ကိုပင် ကြားးလာရပြန်သည်။ တောင်ခြေတွင် စိုက်ပျိုးလုပ်ကိုင်နေသော မိသားစုများ ဘေးလွတ်ရာရှောင် ကြရသည်။

ယခုအခါ စေတုတ္တရာနှင့် မုန်းချောင်းဝန်းကျင်ဒေသ လူထုမှာခေါင်းပြားအောင် မအိပ်ရဲအောင် ထိတ်လန့်နေကြရသည်။ မည်သည့်အချိန် မည်သည့်နေရာက ရေများရောက်ရှိလာ မည်ကို စိုးရိမ်ကာနေ့စဉ်နှင့် အမျှ စောင့်ကြည့်နေကြသည့် သဘော ရှိလာပြန်သည်။

တချိန်တည်းမှာပင် ကလေးမြို့သည်လည်း ရေကြီးရပြန်သည်။ ရထားလမ်းတချို့ ကားလမ်း တချို့ရေလွှမ်းမိုးခြင်း ကျိုးပျက်ခြင်းများ ရှိရပြန်သည်။ လူအသေအပျောက်ပင် ကြားလာရပြန်သည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ကလေးမြို့ ရေကြီးခြင်းက နေရာယူလာရပြန်သည်။

တဖန် ချင်းတောင်တန်းပေါ်က သွေးချင်းသားချင်းများရဲ့ ဘဝကလည်း တုန်လှုပ်စရာ ဖြစ်လာ ပြန်သည်။ မြို့လုံးကျွတ်နီးပါး မြေပြိုမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြန်သည်။ နေ့စဉ်ရက်ဆက် မိုးရွာ ခြင်းကြောင့် မြေများပြိုကျကာ တချို့နေရာများတွင် အိမ်အလုံးလိုက် ပြိုကျသွားသည်များအထိ ရှိလာရပြန်သည်။ လမ်းများ တောင်ပြိုခြင်း ခါးပြတ်ကာ ပျက်စီးခြင်းများ ရှိလာရပြန်သည်။

ထိုသို့ သဘာဝဘေးဥပါဒ် အန္တရာယ်က တကြော့ပြန် ပြန်ဖြစ်လာသလို ရှိလာသောအခါ နောင်နှစ်မပြောနှင့် သည်နှစ်တစ်နှစ်ထဲ အတွင်းတွင်ပင် သည်သဘာဝဘေး ဥပါဒ်အန္တရယ်မှ မလုံခြုံ နိုင်တော့ပါလား ဟူသောအသိက ဒေသခံလူထုကို ခြိမ်းခြောက် လာတော့သည်။ မည်သည့်အတွက် ကြောင့် ယခုလို သဘောဝဘေးဥပါဒ် အန္တရာယ်က ပြင်းထန်စွာ ကျရောက် လာကြရသနည်း။ ဆည်တွေ ကြောင့်လော၊ သစ်ပင်တွေ ပြုန်းတီးကုန်ခြင် ကြောင့်လောဆိုသည်ကို ပိုပြီး မေးလာ တွေးလာ ကြရသည်။

ထိုစဉ်မှာပင် စေတုတ္တရာ မြို့ကလေး၏ အထက်ဗူးဆည် တည်ဆောက်ရေး စီမံကိန်းကြီး စတင်နေပြီဟူသော သတင်းက စေတုတ္တရာ နယ်တဝိုက်ကို မကောင်းဆိုးဝါး သတင်းကြီးတခုလို ပျံ့နှ့ံ့ လာရပြန် သည်။ စေတုတ္တရာ မြို့ကလေးသည် မုန်းရေလှောင်တမံကြီးနှင့် ကြီးအုံကြီးဝ ရေလှောင်တမံ ကြီး နှစ်ခုကြားတွင် ရှိသည်။ မုန်းရေလှောင်တမံကြီး၏အောက် တမိုင်ကျော် မရှိတရှိနေရာတွင် ရှိသည်။

မုန်းချောင်းဘေးတွင် ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကမ္ဘာသိအောင် ရေဘေးဒဏ် ထိခဲ့ရာမြို့ ဖြစ်သည်။ ကျေးရွာတချို့ဆိုလျင် ရွာသစ်နေရာ ရှာရရွှေ့ရသည်အထိ ရေဘေးဒဏ် ထိခဲ့ သည်။

ယခုလို မုန်းချောင်းပေါ် နောက်ထပ် ဆည်ကြီးတစ်ခု တည်ဆောက်နေပြီဟူသည့် သတင်း ကြောင့် ထိုဒေသတဝိုက်တွင် မည်သူမျှ စိတ်မချမ်းသာ နိုင်ကြတော့ချေ။ ထို့ကြောင့် နောက်ထပ် သဘာဝဘေး ဥပါဒ် အန္တရာယ် ထပ်မံ မကျရောက်ရေးနှင့် ကျရောက် လာပါကလည်း ကာကွယ်ရေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အဆင်သင့် ပြင်ထားရေးများ ပြုလုပ် ထားကြဖို့ို လိုသည့်အကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags