အိုဟိုင်းယိုမှာ ပစ်ခတ်မှု ဖြစ်ပြီး လူ ကိုးဦး သေဆုံး

အိုဟိုင်းယိုမှာ ပစ်ခတ်မှု ဖြစ်ပြီး လူ ကိုးဦး သေဆုံး

၀ါရှင်တန်၊ သြဂုတ် ၅ ။         ။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ် ဒေတွန်အရပ်က ဘားဆိုင်တခုအပြင်ဖက်မှာ သြဂုတ် ၄ ရက်က သေနတ်သမားတဦး ပစ်ခတ်တာကြောင့် လူ ကိုးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရပါတယ်။

ဒီ ပစ်ခတ်မှုဟာဆိုရင် ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုပဲ ဖြစ်ပါတယ်။

ပစ်ခတ်တဲ့သူဟာ အသက် ၂၄ နှစ်ရှိ ကွန်နာဘတ်ဆိုတဲ့ အမျိုးသားဖြစ်ယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

“တကယ်လို့ မိနစ်ပိုင်းအတွင်း အဲဒီ ပစ်ခတ်သူကို မဖမ်းနိုင်ခဲ့ရင် ဒီကနေ့မှာ အော်ရီဂွန်ခရိုင်မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။”လို့ ဒေတွန်မြို့တော်ဝန် နန်ဝေလေးက ပြောပါတယ်။

ဒေတွန်အနောက်ပိုင်းမှာ ရှိတဲ့ အော်ရီဂွန်ခရိုင်က Ned Peppers Bar ဘားဆိုင်နားမှာ နံနက် ၁ နာရီဝန်းကျင်မှာ သေနတ်သမားက စတင် ပစ်ခတ်တာ ဖြစ်ပါတယ်။

ရဲအင်အား တော်တော်များများနဲ့ အရေးပေါ်ဌာန ဝန်ထမ်းတွေက သေနတ်သမားကို ၀ိုင်းရံပိတ်ဆို့ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

“အဲဒီ ပစ်ခတ်မှု အဖြစ်ဆိုးကြီးကို အမြန်ဆုံး အဆုံးသတ်ပြီး လူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တို့ကို ကျွန်တော် ညွှန်ကြားခဲ့တယ်။”လို့ အိုဟိုင်းယိုအုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်းက ထုတ်ပြန်ပါတယ်။

အခု ဒေတွန်က ပစ်ခတ်မှုဟာ တက္ကဆက်မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းမှာပဲ ထပ်မံဖြစ်ပွားလာတာပါ။

စနေနေ့က ဖြစ်ပွားတဲ့ တက္ကဆက်ပစ်ခတ်မှုမှာ လူ ၂၀ သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly