ရန်ကုန်လေဆိပ်၌ ယာယီပိတ်ထားခဲ့သော လေယာဉ်ပြေးလမ်းအားနာရီပိုင်းအကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့

ရန်ကုန်လေဆိပ်၌ ယာယီပိတ်ထားခဲ့သော လေယာဉ်ပြေးလမ်းအားနာရီပိုင်းအကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့
 Photo - Noel Aung

ရန်ကုန်၊သြဂုတ် ၃ ။          ။ GoldenMyanmarAirlines၏လေယာဉ်ခရီးစဉ်အမှတ် Y5506သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏လေယာဉ်ပြေးလမ်းတွင်ရှေ့ဘီးမတော်တဆ မှုဖြစ်ပွားသောကြာင့်လေယာဉ် ပြေးလမ်းကို သြဂုတ်လ ၂ရက်ကခေတ္တပိတ်ခဲ့ရပြီး နာရီပိုင်းအကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း Yangon Aerodrome Company Limited (YACL)က သတင်းထုတ်ပြန်ခဲ့သည်။

 Yangon Aerodrome Company Limited (YACL)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခန့်ခွဲ နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် Golden Myanmar Airlines ၏ လေယာဉ် ခရီးစဉ်အမှတ် Y5 – 506 ၏ မတော်တဆမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်း အား ညနေ ၄ နာရီ ၄၁ မိနစ်မှ စတင်၍ ခေတ္တပိတ်ထားခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ လေယာဉ်အား လေယာဉ်ပြေးလမ်းကြောင်းပေါ်မှ သတ်မှတ်နေရာသို့ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ပြီး လေယာဉ်ပြေးလမ်း၏ ပုံမှန်လုပ်ငန်းလည်ပတ်မှုများအား ညနေ ၆နာရီ ၃၀ မိနစ်အချိန်တွင် ပြန်လည် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ဆက်လက်ထုတ်ပြန်ခဲ့သည်။

မတော်တဆမှု ဖြစ်ခဲ့သော လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာကြသော ခရီးသည်စုစုပေါင်း ၇၂ ဦးလုံးသည် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိသလို လေယာဉ်မှာလည်း ကြီးမားသော ထိခိုက်ပျက်စီးမှု မရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ မတော်တဆမှုကြောင့် သြဂုတ်လ ၂ရက်နေ့ ညနေပိုင်း လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းရခြင်းနှင့် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ခရီးသည်အများစုသည် လေဆိပ်တွင် စောင့်ဆိုင်းနေရပြီး အချိန် ၃ နာရီခန့် ကြန့်ကြာသွားခဲ့ရကြောင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေသော ခရီသည်များထံမှ သိရသည်။

“တချို့ဆို ခရီစဉ်ဖျက်ပြီး ပြန်သွားတာတွေ ရှိပါတယ်။ ခရီးစဉ်အများစုကို ည ၉ နာရီကျော်မှ ပြန်ပြီး စတင်ခဲ့ပါတယ်”ဟု ခရီးသည်တစ်ဦးက မဇ္စျိမသို ပြောသည်။

သြဂုတ်လ ၂ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-ဘန်ကောက်ခရီးစဉ်များ၊ စင်ကာပူခရီးစဉ်၊ ဟောင်ကောင်၊ တရုတ်ခရီးစဉ်များရှိနေပြီး MAI၊ MNA တို့အပြင် Silk Air ၊ Singapore Airlines ၊ Viet Jet ၊Jestar Asia ၊ Air Asia ၊ Thai Airways ၊ NOK Air လေယာဉ်များ ထွက်ခွာရန် ရှိနေခဲ့ကြောင်း ည ၈ နာရီမှ ၉ နာရီကျော် ၁၀ နာရီ အထိ လေကြောင်းခရီးစဉ်များ၏ ထွက်ခွာချိန်ကို ရွှေ့ဆိုင်းထားရကြောင်း ခရီသည်များထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေပြီး လေယာဉ်ခရီးစဉ်နှောင့်နှေးမှုများဖြစ်ပေါ်နိုင်သောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်း မေးမြန်းကြပါရန် Yangon Aerodrome Company Limited (YACL) က သတိပေးမှုများ ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly