ဧရာဝတီအသင်း ကျော်မင်းဦးကို ဒဏ်ကြေးငွေ သိန်းနှစ်ရာ ပြစ်ဒဏ် ချမှတ်

ဧရာဝတီအသင်း ကျော်မင်းဦးကို ဒဏ်ကြေးငွေ သိန်းနှစ်ရာ ပြစ်ဒဏ် ချမှတ်
ဧရာဝတီကွင်းလယ်လူ ကျော်မင်းဦး (အလယ်) အား တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

အောက်တိုဘာ ၁၂၊ ရန်ကုန်။             ။ မြန်မာ့လက်ရွေးစင်နှင့် ဧရာဝတီယူနိုက်တက် ကွင်းလယ်ကစားသမား ကျော်မင်းဦးသည် Hyper Sports မီဒီယာသို့ ဖြေကြားသည့် အင်တာဗျူးတွင် အသင်း၏ ဂုဏ်သိက္ခာအား ထိခိုက်စေမှုဖြင့် ဧရာဝတီယူနိုက်တက်က ဒဏ်ကြေးငွေ သိန်း (၂၀၀) ပေးဆောင်စေရန် ဧရာဝတီအသင်းမှ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

ယင်းမှာအသင်းတွင်တစ်လ ၁၀ သိန်းရနေသောကစားသမားလစာ၏ အဆ ၂၀ နှင့်လည်းညီမျှရာ ကစားသမားအနေဖြင့် နှစ်နှစ်နီးပါးဘောလုံးကစားပြီးမှ ဒဏ်ငွေဆောင်နိုင်မည့် အနေအထား လည်းဖြစ်သည်။

အဆိုပါပြစ်ဒဏ်သည် ဧရာဝတီယူနိုက်တက်နှင့် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားများ ချုပ်ဆိုသည့်စာချုပ်တွင် ပါရှိသည့် အပိုဒ် ၁၁၊ အပိုဒ် ၁၂၊ အပိုဒ် ၁၅၊ အပိုဒ် ၁၆ နှင့် နောက်ဆက်တွဲ ဇယား (၁ - ဃ) များတွင် ပါရှိသည့် စည်းကမ်းချက်များ အရ ကစားသမားအား အရေးယူရခြင်းဖြစ်ကြောင်း ဧရာဝတီအသင်းက ဖော်ပြထားသည်။

“ ကျွန်တော်တို့ အသင်းက မြန်မာနေရှင်နယ်လိဂ်မှာ တစ်နှစ်ကို ဒေါ်လာတစ်သန်းလောက်အကုန်အကျခံပြီး မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပါဝင်နေတဲ့ အသင်းတစ်သင်းဖြစ်သလို သက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေမှာ အောင်မြင်တဲ့ လက်ရွေးစင်ကစားသမား တွေကိုလည်း မွေးထုတ်ပေးနေတဲ့အသင်းတစ်သင်းဆိုတာ အားလုံးအသိပါ။ကျော်မင်းဦးဆို ခေါ်တုန်းက အဖွဲ့ချုပ်ကို သိန်း (၈၀) ပေးသွင်းပြီး ခေါ်ခဲ့တယ်။ လက်ရွေးစင် ကစားသမားတစ်ဦးကိုပေးသင့်တဲ့ လစာ (၁၀) သိန်း အပြည့်အဝပေးထားတယ်။ ဒီလိုခေါ်ထား ပေမယ့်လည်း တကယ်တမ်းဆို သူ့ကို ကျနော်တို့ ဒီနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ရဲ့ ဒုတိယအကျော့ရောက်မှသာ သေသေချာချာပွဲထွက်ကစားစေခွင့်ရခဲ့တာပါ။ ၂၀၁၄ တစ်နှစ်လုံးမှာလည်း ၃ ပွဲလောက်သာ အသုံးပြုခဲ့ရပြီး ယူ၁၉၊ ယူ၂၀ လက်ရွေးစင်အသင်းကိုပဲ တစ်ချိန်လုံးပေးထားခဲ့ရတာပါ ” ဟု ဧရာဝတီအသင်း အထွေထွေမန်နေဂျာ ဦးဇွဲလှိုင်မှီ က ပြောသည်။

ဧရာဝတီကစားသမား ကျော်မင်းဦးသည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်လာပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရကာ ၂၀၁၅ အာဆီယံလူငယ်အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် သုံးယောက်စာရင်းတွင် ရွေးချယ်ခံခဲ့ရသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

“ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ လက်ရှိအသင်းထက် ငွေကြေးအရလည်းကောင်း၊ တခြား ထောက်ပံ့မှု တစ်စုံတစ်ရာပိုပေးနိုင်မယ့် မက်လုံးကြောင့်လည်းကောင်း အခြားအသင်းတစ်သင်းကို ပြောင်းချင်တာ ဒါသဘာဝပါပဲ။ ဒါပေမယ့် ဒီအသင်းမှာ ရှိနေစဉ်၊ ဒီအသင်းရဲ့ လစာငွေကို ရယူခံစားနေတဲ့အချိန်မှာ အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် မီဒီယာကနေ ပြောကြားတာ ကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ စာချုပ်ကိုလည်း မလေးစားရာရောက်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် အသင်းထက်ပိုပြီး ကြီးကျယ်တဲ့ ကစားသမားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ငွေကြေးအတွက် ပြောင်းမယ်ဆိုရင် ဆွဲထားလို့လည်းမရပါဘူး။ ဒါပေမယ့် စာချုပ်ကို လေးစားလိုက်နာဖို့လိုပါလိမ့်မယ် ” ဟု ဦးဇွဲလှိုင်မှီက ဖြည့်စွက် ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တွင်လည်း ပွဲစဉ် ၁၉ ပြီးဆုံးချိန်၌ ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေးဇယား စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

ကျော်မင်းဦးကိုချမှတ်သည့်ပြစ်ဒဏ်မှာ မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် အသင်းက ကစားသမားတစ်ဦးအပေါ်ချမှတ်သည့် အမြင့်ဆုံး ဒဏ်ငွေပြစ်ဒဏ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly