သူ့ကျွန်မခံပြီ ဇာတ်ဝင်ခန်းက ကလေးငယ် ကိုယ်တော်မှိုင်းပါလို့ မပြောရဲခဲ့ဟု ကြည်စိုးထွန်းဆို

12 October 2015
သူ့ကျွန်မခံပြီ ဇာတ်ဝင်ခန်းက ကလေးငယ် ကိုယ်တော်မှိုင်းပါလို့ မပြောရဲခဲ့ဟု ကြည်စိုးထွန်းဆို

ဒီတစ်ပါတ် Meet the successful အစီအစဉ်မှာ တွေ့ဆုံ မေးမြန်းသွားမယ့် သူကတော့ မြန်မာ့ရုပ်ရှင ်လောကမှာ အကယ်ဒမီဆု ငါးဆုအထိ ဆုခူးနိုင်ခဲ့တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းပဲ ဖြစ်ပါတယ်။ ဒါရိုင်တာ ကြည်စိုးထွန်းဟာ ၁၉၈၉ ခုနှစ်မှာ ဒိုးဇာတ်ကား၊ ၁၉၉၇ ခုနှစ်မှာ သူ့ကျွန်မခံပြီ၊ ၂၀၀၂ ခုနှစ်မှာ ဆန်ရေ ဇာတ်ကားနဲ့ ၂၀၀၆ ခုနှစ်မှာတော့ ဆဋ္ဌဂံ စတဲ့ ရုပ်ရှင်ဇာတ်များနဲ့ အကယ်ဒမီဆု ငါးဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်မှုတွေ မရရှိခင်မှာ သူ့ရဲ့ဘ၀ ဘယ်လိုဖြတ်သန်း ခဲ့တယ်ဆိုတာ သိရှိနိုင်စေဖို့ ဒီတစ်ပါတ်မှာတော့ အေင်မြင်သူနဲ့ တစ်နေ့တာ နေထိုင်ရင်း စကား ပြောကြည့်ပါမယ်။

 

ပထမဦးဆုံး အနေနဲ့ပေ့ါနော် ဆရာရဲ့ဘ၀ ဖြတ်သန်းပုံလေးကို ကျွန်တော် သိချင်ပါတယ်။ ဆရာရဲ့ အရင်ဆုံး မိသားစုအကြောင်းတွေ၊ ဘဝအကြောင်းတွေ သိချင်ပါတယ်။

ဆရာက အညာသားပါ၊ အညာသား စစ်စစ်ပေါ့။ ရွှေဘိုနဲ့ လေးမိုင်လောက် ကွာတဲ့ ရွာကလေးမှာ မွေးတာပေ့ါ။ ခြောက်နှစ်သားလောက်မှာ ရွှေဘိုရောက်တယ်။ နောက် ရွှေဘိုကနေပြီးတော့ ၁၀ တန်း အောင်တယ်။ မန္တလေး တက္ကသိုလ်မှာ ၂ နှစ် နေရတယ်။ ရန်ကုန် တက္ကသိုလ်မှာ ၃ နှစ်နေတယ်။ နောက်ဘူမိဗေဒဘွဲ့ ရတယ်။ ရပြီးတဲ့နောက်ပိုင်းမှာ ဆရာက ဘူမိဗေဒနဲ့ ပတ်သက်တဲ့ပညာ မလိုက်တော့ဘဲနဲ့ ဒီအနုပညာလောကကို စိတ်ဝင်စား ခဲ့တာပေ့ါနော်။ သီချင်းတွေဘာတွေ စပ်တယ်၊ နောက် စာတွေဘာတွေ ရေးချင်တယ်။ အဲဒီလိုနဲ့ ပထမတော့ ဂီတပေ့ါ။ နောက်တော့ ရုပ်ရှင်နယ်မြေထဲ ရောက်လာတာပေ့ါ။

 

အဲဒီတော့ ဆရာရဲ့ ဒီအနုပညာအကြောင်းကို ဆက်မယ်ဆိုရင် ဆရာ ဒီအနုပညာလောကကို ဘယ်အချိန်က စပြီး ဘယ်အရွယ်လောက်မှာ ထဲထဲဝင်ဝင် စပြီးတော့ ဝင်ရောက်ခဲ့တာလဲ။

ထဲထဲဝင်တာကတော့ ဒီကျောင်းက ထွက်ပြီးတော့ ဝင်တာ။ ဒါပေမဲ့ မသိမသာကတော့ ဝင်နေတာ သူ့ဟာသူ ဒါပေမဲ့ အနုပညာသမား တစ်ယောက်ရဲ့ အနုပညာစိတ်ကိုပေ့ါ ပံ့ပိုးပေးနိုင်တာက သူ့ရဲ့ပတ်ဝန်းကျင်ဘဲ။ ဥပမာ ဆရာ့ ပတ်ဝန်းကျင်မှာဆို ဆရာက အညာသား ဖြစ်တယ်။ အညာမှာ ဘုရားပွဲတွေ ပေါတယ်။ ဘုရားပွဲတွေ ပေါတဲ့အခါ ကျတော့ အငြိမ့်ပွဲတွေရှိတယ်၊ ဇာတ်ပွဲတွေရှိတယ်။ ဒါတွေက ဆရာ့ကို သင့်ပေးလိုက်တာ ပေ့ါနော် တစ်ဖြည်းဖြည်းနဲ့ ဒီဟာ ဒီစိတ်ဓာတ်လေးပေါက်လာအောင် သင်ပေးလိုက်တာ။

 

ငယ်စဉ်ကတည်းက အညာဒေသ ကျေးလက်ကလေးမှာ ဂီတသဘင် အနုပညာလောကနဲ့ ရင်းနှီးခဲ့တာကြောင့် သူ့ရဲ့ဘဝမှာ အနုပညာလောကကို ပထမဦးဆုံး ခြေလှမ်းအနေနဲ့ တေးရေးဆရာ ဘဝကနေ စတင်ခဲ့တယ်လို့ ပြောပြပါတယ်။

ဆရာ့မှာ အံ့သြစရာက ဆရာရုပ်ရှင်လောကကို ဝင်လာတဲ့အခါ သီချင်းနဲ့ သရုပ်ဆောင်ကနေ စဝင်လာတာ။ အဲဒါနဲ့ လူတွေက ညည်းကြတာ့ပေါနော်။ ဘာမှ မဆိုင်ဘူး မကြားဘူးဖူး ပေ့ါနော်။ ဆိုတော့ သီချင်းနဲ့ သရုပ်ဆောင်နဲ့ စတယ်။ အဲဒါလေးကလည်း ဆရာအမြဲတမ်း ဂုဏ်ယူပြီးပြောတယ်။ သရုပ်ဆောင်လုပ်တယ်ဆိုတာ ဘာဖြစ်လို့လဲ ဆိုတော့ တော်လွန်းလို့ လုပ်တာမဟုတ်ဘူး။ ဆရာကို ရိုက်ပေးတဲ့ ဓာတ်ပုံဆရာက သိပ်တော်တာဘဲ။ နောက် ဒါရိုက်တာကလည်း တော်တယ်ပေါ့။ ဦးကျော်သန်းဆိုတာ နောက်ရိုက်ပေးတဲ့ ကင်မရာမန်းကလည်း ဦးဘကြည်ဆိုတာ သိပ်တော့တာဘဲ သူက။ ညဘက် မီးတွေဘာတွေ ထိုးတာကို သိပ်ကောင်းတာသူက။ အဲဒါအတွက် ဂုဏ်ယူတာပါ။ ကိုယ်ကတော့ ဘာမှ မဟုတ်ပါဘူး ပါရတာ။ ဒါသို့သော်လည်း ပျော်ခဲ့တာ ပေါ့နော်။ ရုပ်ရှင်နဲ့ ဝင်တဲ့အခါမှာ အဲလိုလေး ဝင်လာရတာကို ပျော်တာပေ့ါ။

နောက်သီချင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက စဝင်တော့ အဲဒီသီချင်းက သရုပ်ဆောင် အဝင် သီချင်းနဲ့စတာ။ အဲဒီ သီချင်းက ရုပ်ရှင်ထဲမှာ သုံးတယ်။ သုံးတဲ့အခါကျတော့ သူများထက် ထွင်တာပေ့ါ။ ထွင်တဲ့အခါကျတော့ သီချင်းကြီးက ခက်နေတာပေ့ါ။ ခက်တဲ့စကားလုံးတွေ လျှောက်ထည့်တာကိုး။ အမှန်တော့ စိတ်ကူးယဉ်ပြီး လျှောက်ထည့်တဲ့ အခါကျတော့ အဲဒီတုန်းက ဂီတလုလင် မောင်ကိုကိုနဲ့ ဆရာနဲ့ မသိသေးဘူး။ သူကလည်း ကိုယ့်ကို မသိတဲ့အခါကျတော့ ဘယ်လိုကောင်လဲကွာ၊ ဒီလိုသီချင်းမျိုး စပ်တယ်ပေ့ါလေ။ ပြောပြတဲ့အခါကျတော့ ရီရတာပေ့ါနော်။ အဲဒီလောက်ထိ အနုပညာကို ဆရာတို့က လျှောက်ခဲ့ရတာပေါ့။

 

ဝါသနာအရ အနုပညာလောကကို ရောက်ရှိခဲ့ပေမဲ့လည်း စစချင်းမှာတော့ ဒါရိုက်တာ တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူဝါသနာပါရာ အနုပညာ တာဝန်ကို ကျရာနေရာကနေ ထမ်းဆောင်ရင်း အိမ်မက်တွေကို အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါတယ်။

 

ဆရာအဲဒီတော့ ဒီအနုပညာ လမ်းကို လျှောက်လှမ်းမယ့် အချိန်တုန်းကပေ့ါ။ ဆရာ ငယ်ငယ်တုန်းက ဆရာအိမ်ကကော ဘယ်လိုမျိုး ပံ့ပိုးပေးခဲ့လဲ။

ဆရာကို လွတ်ထားလိုက်တာဘဲ သူတို့က။ ဘာမှ ချုပ်ခြယ်မှု မရှိဘူး။ အဲဒါတစ်ခု သိပ်ကောင်းတာပဲ ဆရာကိုပေ့ါလေး ဆရာမိများက ဘာမှ လုပ်ချင်တာ လုပ်ပလေ့စေ။ ကျောင်းမှာ မင်းဆရာဝန်ဖြစ် ရမယ်။ မင်း အင်ဂျင်နီယာ ဖြစ်ရမယ်လို့ ဘယ်တော့မှ မပြောဘူး သူတို့က။ လုပ်ချင်တာလုပ်တဲ့ ဆရာလည်း လုပ်ချင်တာလုပ်တာဘဲ။

ဒါပေမဲ့ ဆရာဘာ ကျေနပ်သွားလဲဆိုတော့ ဆရာ ရုပ်ရှင်ဒါရိုက်တာ ဖြစ်တဲ့အခါကျတော့ ဆရာ့ ရုပ်ရှင်ကားကို ဆရာ့မိဘများက ကြည့်သွားရတယ်ပေ့ါ။ အမေကဆိုရင် နည်းနည်းလေးဘဲ လေးငါး ခြောက်လပဲသူက လွှဲသွားတာပေါ့နော်။ အမေက ဆုံးသွား ပြီးတဲ့နောက် လေးငါးခြောက်လလောက်မှာ ဆရာက အကယ်ဒမီရတယ်။ အဲဒါလေး တစ်ခုတော့ ဆရာ စိတ်မကောင်းဘူးပေ့ါနော်။

ဆရာ အကယ်ဒမီ ရုပ်ကလေးကို အမေ့ကို ပြချင်တာပေ့ါနော်။ အဲဒါ တစ်ခုဘဲ စိတ်ထဲမှာ ဒီနေ့အထိ ပေ့ါနော်။ စိတ်မကောင်းဘူး ဒါပေမဲ့ တစ်ခု ဘာတွေးမိလဲဆိုတော့ ဒီပထမဦးဆုံး ရတဲ့ အကယ်ဒမီရုပ်ဟာ အမေ့ကိုယ်စား ရောက်လာတယ်လို့ ထင်တယ်။ စိတ်ထဲမှာ အဲ့လောက်ထိကို အဲဒီအရုပ်လေးပေါ်မှာ အမြတ်တနိုး ရှိသွားတာပေ့ါ။ အမေလို့ကို အောက်မေ့သွားတယ်။

 

လူတော်တော်များများ ပြောကြတယ် ပရိသတ်တွေလည်း သိမှာပါ။ အနုပညာ လမ်းကြောင်းဆိုတော့ အရမ်းကြမ်းတယ်ပေ့ါ မအောင်မြင်ခင်မှာ။ ဆရာအနေနဲ့ကော အဲဒီ အဲလိုမျိုး လုပ်ခဲ့တဲ့အချိန်တုန်းက ဘယ်လိုမျိုးခက်ခဲတဲ့ဟို စိန်ခေါ်မှုတွေ နောက်ပြီးတော့ ပင်ပန်း ဆင်းရဲမှုတွေ ခံခဲရလဲဆရာ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက်တွေကော ရှိလား။

ရုပ်ရှင်ဆိုတာက ပိတ်ကားပေါ်မှာ ကြည့်ရတဲ့အခါကျတော့ နူးနူးညံ့ညံ့ ပြေပြေပြစ်ပြစ်ပဲ။ တကယ် လုပ်ရတဲ့အခါကျတော့ မပီပြင်ဘူးပေါ့နော်။ ဆရာ မှတ်သလောက်ကတော့ ဆရာ ပထမဦးဆုံး ကားမှာ ရှုတင်မန်နေဂျာ လုပ်ရတုန်းက မင်းသမီးရဲ့ မျက်တောင်တုကို ဆရာ လိုက်ရှာရတယ်။ ဘာဖြစ်လိုလဲဆိုတော့ ၁၉၇၇ ဆိုတော့ ဒီမျက်တောင်တုက သိပ်မသုံး ကြသေးဘူး။ အဲဒီအချိန်မှာ ကျောက်ဆည်မှာ ရောက်နေတယ်။ ကျောက်ဆည်ဆိုတော့ ပိုရှာရ ခက်သွားတယ်။ ဒီသတို့သမီး လုပ်တဲ့သူတစ်ယောက် အဲဒီမိန်းမကြီးဆီကို သွားဝယ်ရတယ် အဲ့ဒီအမျိုးသမီးစီက ဝယ်ပြီးတော့ မင်းသမီးကို တပ်ပေး။ မင်းသမီးက ဓါးခုတ်တဲ့ ဓါးမင်းသမီး ဖြစ်နေတယ်။ အဲဒီတော့ ဓါးခုတ်နေရင်းနဲ့ အဲဒီ မျက်တောင် တုကြီးက အောက်ပြုတ်ကျသွားကော။

အဲဒီတော့ ခုတ်တော့ကွား ကိုယ်လုံးလည်း ပွစိခတ်ပြီးတော့ သဲထဲ ရောက်သွားတော့ နောက်နေ့ အဲဒီအဆက်ရှိတော့ ဆရာတို့က ညနေအထိတော့ အဲဒါကြီးကို ဇကာနဲ့ တိုက်ပြီးတော့ ရှာရတယ်။ အဲဒီမျက်တောင်တုကို တွေ့လိုက်တာ သိပ်ဝမ်းသာ သွားတာပဲ။ အဲဒီ ဝမ်းသာတာလောက် ဝမ်းသာတာ မရှိဘူးပေ့ါနော်။ အဲဒီတော့ နှင်းတွေကြား၊ စက်တွေကြား အဲလိုပေ့ါလေး၊ ဓါးတွေကြား၊ လှန်တွေကြား၊ ဖိုင်တင်တွေကြားမှာ ကျွန်တော်တို့က စခဲ့ရတာပေ့ါ။

 

အဲဒီလို ကြမ်းတမ်းတဲ့ဘဝကို ဆရာဖြတ်သန်းတဲ့ အချိန်မှာ ဆရာ့ စိတ်ထဲမှာ ငါတစ်နေ့ကျရင် အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက် အကယ်ဒမီ ဆုရမယ့်သူ တစ်ယောက်ဖြစ်ရမယ်လို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တာလား ဒါမှမဟုတ် ဆရာ ဒီအနုပညာလောကထဲမှာ ဒီအတိုင်းလုပ်ရတာကို ပျော်မွေ့နေပြီးတော့ ဖြတ်သန်း ခဲ့တာလား။

ဒုတိယဟာက မှန်တယ်။ ဒုတိယက ဘာလို့မှန်လဲဆိုတော့ အလုပ်လုပ်ရတာကို ပျော်နေတာပေ့ါ။ ဒီအထဲမှာဘဲ ဝါသနာ ပါနေတာကိုး။ အဲဒီတော့ ကိုယ်ဖန်တီးလိုက်တဲ့ ဟာလေးက ငါအောင်မြင်လာတယ်၊ ငါထူးခြားသွားတယ်ဆိုရင် ကျေနပ်သွားပြီ၊ အဲဒီလိုမျိုး အခုနတုန်းက ငါဘာကောင်ကြီး ဖြစ်ရမလဲ ညာကောင်ကြီး ဖြစ်ရမလဲတော့ သိပ် တမ်းတမ်းတတကြီးတော့ မရှိဘူးပေ့ါ။ ကိုယ်လည်း ဖြစ်မယ်လို့ သိပ်မထင်ထားဘူး အမှန်ပြောရရင် ငါကတစ်နေ့ အကယ်ဒမီရမယ်ဘာညာ ဘဲလိုလည်းမျှော် မှန်းမထားဘူး။ ဒီဟာလေးပေါ်မှာ နှစ်သက် မြတ်နိုးတာတော့ရှိတာပေ့ါ အဲဒီအတွက် အဲဒါကြောင့် ကြိုးစား ဖြစ်တယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါအကယ်ဒမီရအောင် ကြိုးစားမယ် ဘာညာလုပ် ပြီးတော့ မရရင် ပတ်လက်လှန်သွား နိုင်တယ်လေ။

 

အဲဒီတော့ ဒီလိုမျိုး ရှုတင် မန်နေဂျာ တစ်ယောက်အနေနဲ့ ကျော်ဖြတ်ခဲ့ရတယ် ဘယ်အချိန် လောက်မှာ ဆရာရဲ့ ဇာတ်လမ်းတစ်ခု ဖန်တီးဖို့ အခွင့်အရေး ရခဲ့တာလဲ။

အခုနတုန်းက သီချင်းရေးရတယ် နောက်ပြီးတော့ သရုပ်ဆောင် ရတယ်ဆိုတာ ၁၉၇၄-၅ လောက်ဖြစ်မယ်။ အဲဒီတုန်းက သီချင်းရေးတာ။ နောက် ၇၇ ကျတဲ့ အခါကျတော့ ဆရာက စိုးသိန်းထွဋ်တို့ရဲ့ ရုပ်ရှင်ကားတစ်ကားမှာပေ့ါ သွားပြီးတော့လုပ်ရတယ်။ လုပ်ရတဲ့အခါမှာ ဆရာက ရှုတင် မန်နေဂျာ ဆိုတော့ သိတဲ့အတိုင်းပဲ တကယ့် အောက်ခြေအနေနဲ့ လုပ်ရတာ။ မြင်းတွေငှားရတယ်၊ မီးစက်တွေ ငှားရတယ် အစုံပေ့ါနော်။ အဲဒီလို လုပ်ခဲ့ရတယ်။

အဲဒီကနေပြီးတော့ သုံးနှစ်လောက် ရှုတင် မန်နေဂျာလဲ လုပ်တယ်၊ နောက်က ကလပ်လည်း ရိုက်တယ်။ နောက်တစ်ခါ ဇာတ်ညွှန်လည်း ရေးတယ်။ အစုံလုပ်ရတာပဲ။ အစုံလုပ် ပြီးတော့မှ ဇာတ်ညွှန်း ရေးလာပြီ၊ အဲဒါတွေပြီးတော့မှ သုံးနှစ်လောက်နေတော့ ဆရာ ရုပ်ရှင် ဒါရိုက်တာ ဖြစ်ရတာပေ့ါ။

 

ဆရာပထမဦးဆုံး အကယ်ဒမီဆုကို ရရှိတဲ့ အချိန်မှာပေ့ါနော်။ ဆရာဖြတ်သန်း ခဲ့ရတဲ့ ဘ၀ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ပေ့ါ ဒီလိုမျိုး မအေင်မြင်ခင် စပ်ကြားမှာ ဆရာရဲ့ သင်ဆရာ၊ မြင်ဆရာတွေ မှတ်မှတ်ရရ ပုဂ္ဂိုလ် တစ်ယောက်ပြောပါဆိုရင် ဆရာဘယ်သူ့ကို အမှတ်ရလဲဆရာ။

တစ်ခုတော့ ရှိတယ်။ ဆရာတို့က သုံးလေ့ရှိတဲ့ ဇာတ်ညွှန်းတော့ ရေးခိုင်းတယ်။ ဇာတ်ညွှန်း ကိုတော့ ထိုက်သင့်တဲ့ ပိုက်ဆံပေးပြီးတော့ ရေးခိုင်းတယ် ဒါရိုက်တာကတော့ ဘယ်သူ့မှ မခိုင်းဘူး။ မခိုင်းတဲ့ ဟာကျတော့ ဘာလုပ်ရလဲ ဆိုတော့ ကိုယ့်ဟာကို ဒါရိုက်တာ လုပ်ရတာ။ အဲဒီတော့ ကိုယ့်ဟာကို ပိုက်ဆံရှာရတယ်။ အမျိုးတွေဆီက ပိုက်ဆံ လိုက်ချေးရတယ်။ နောက်အဲဒီမှာ ဘယ်သူက အကူအညီပေးလဲဆိုတော့ မြင်းစိုင်းသား အောင်အောင်သူနဲ့ ခင်မင် ရင်းနှီးလာတဲ့ အခါကျတော့ သူနဲ့ ဆရာတို့ ကားတစ်ကား ရိုက်ကြမယ် ဆိုပြီးတော့ တိုင်ပင်တယ်။ သူကလည်း အဲဒီအချိန်မှာ ဘာဘဲဖြစ်ဖြစ် မင်းသား၊ ကိုယ်ကလည်း ရုပ်ရှင်ဒါရိုက်တာ လုပ်ချင်တယ်ဆိုတဲ့အခါမှာ နှစ်ယောက်ပေါင်း ပြီးတော့ ပိုက်ဆံထုတ် အသင့်အတင့်ထုတ်ပြီးတော့ပေါ့လေး ရိုက်ကြတဲ့အခါမှာ ချမ်းမြေ့ပါစေဆိုတဲ့ ရုပ်ရှင်ကားဆိုပြီးတော့ အဲဒါလေးကို ရိုက်ခဲ့ကြတယ်။

အဲဒီတော့ သူ့ကိုတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အခုနက စိုးသိန်းတို့ ဆိုးပေမောင်မဲ တို့လိုပဲပေ့ါ အောင်အောင် ဒါတွေက ကိုယ့်အတွက် အမှတ်ရစရာ ဖြစ်ပါတယ်။ သူနဲ့ပူးပေါင်းပြီးတော့ ဒါ ဘယ်သူ့မှာ ကိုယ့်ကို ဒါရိုက်တာ ရိုက်ခိုင်းတာမှ မဟုတ်ဘဲ သူပဲ သူငယ်ချင်း တစ်ယောက်အနေနဲ့ ယုံကြည်ပြီးတော့ ခိုင်းတာဆိုတော့ သူ့ကိုတော့ ဒါအမှတ်တရ ဖြစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

 

နောက်ထပ်ပေါ့နော် ပရိသတ်တွေ အများကြီး သိသွားတာဆိုတော့ သူ့ကျွန်မခံပြီ သူပေ့ါနော်၊ အဲဒီကားအကြောင်လေးလည်း နည်းနည်း သိချင်ပါတယ်ဆရာ။

အဲဒါ သိပ်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာက ဆယ့်လေးငါးနှစ်သားမှာ အဲဒီဝတ္ထုကို ဖတ်ဘူးတယ်။ နောက်တစ်ခါ ကျတော့ ဆရာက ဘာကံကောင်း သွားလည်းဆိုတော့ ဘာဆုမှမရတဲ့ စုန်ရေ ဆိုတဲ့ ရုပ်ရှင်ကားက ဆရာကို နိုင်ငံတကာ ပို့ပေးတယ်သူက စုန်ရေက ဂျပန်ကနေ ရွေးပြီးတော့ ပြတယ်။ ဂျပန် ရောက်တယ်၊ ဆရာကနောက် ဟော်လန်ကို ရောက်တယ်။ နောက်တစ်ခါကျတော့ ကမ္ဘောဒီးယား၊ နောက်တစ်ခါကျတော့ ဗန်ကောက် စသည်အားဖြင့်ပေါ့ ရုပ်ရှင်အကြား တော်တော်များများ ရောက်သွားတာက စုန်ရေကြောင့် ရောက်သွားတာ။

အဲဒီမှာ တစ်ခါ ဘာသတိထားမိလဲဆိုတော့ နိုင်ငံတကာကို ထိုးဖောက်ဖို့ ဆိုရင်တော့ တကယ့် ကားကောင်းကောင်း ရမယ်ဆိုရင် အဲဒီသူ့ကျွန်မခံကို သတိရတယ်။ အဲဒီတေ့ာ သူ့ကျွန်မခံကို ဆရာရိုက်ချင်တယ် ငယ်ငယ်လေးတည်းကလည်း သဘောကျတဲ့ ကားဖြစ်တယ်။ နောက် သူ့ကျွန်မခံသူရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတော့ လူတိုင်း လူတိုင်းဟာ ဘယ်သူမှ သူ့ကျွန်မခံချင်ဘူး။ ဟုတ်တယ်မဟုတ်လား ဘာပဲဖြစ်ဖြစ် ကိုယ့်အမျိုးကို ကိုယ်ချစ်ကြတဲ့လူတွေချည်းပဲ။

ဒါပေမဲ့ သူ့ကျွန်မခံသူမှာ ပြောချင်တာက ဘာလဲဆိုတော့ မညီညွတ်ရင်တော့ သူ့ကျွန် ဖြစ်ကြမှာဘဲ၊ အဲဒါလေးကို ဆရာပြောချင်တယ်။ ပြီးတော့ အဲဒီအထဲမှာ အခုနလိုမျိုး ရသမြောက်တဲ့ စောရှင်ဦးနဲ့ ဗိုလ်သူရိန်တို့ရဲ့ အကြောင်းတွေ နောက်တစ်ခါကျတော့ နောက်ဆုံးအခန်း မှာပေ့ါလေ ပါတော်မူခန်းတွေ နောက်ဒီ စုဘုရားလတ်နဲ့ ကင်းဝန်မင်းကြီး ပြောတဲ့အခန်းတွေ ဒါတွေဟာ ရင်ထဲမှာ စွဲနေတော့ ဒါကိုရိုက်ချင်တယ်။

ဆရာ သိပ်ကံကောင်းပါတယ်။ ဘာလို့ ကံကောင်းတယ်ဆိုရင် အဲ့ဒါကို ရိုက်ဖို့ ဆရာက တက္ကသိုလ်ဖုန်းနိုင်နဲ့ တိုင်ပင်တဲ့ အခါကျတော့ ဆရာတို့က ဘတ်ဂျက်ကို အကြီးကြီး မှန်းလိုက်တဲ့ အခါကျတော့ ဆရာမနိုင်တဲ့ ဘတ်ဂျက်ဖြစ်သွားတယ်။ ဒါပေမဲ့ ရိုက်ချင်တယ် သိပ်ရိုက်ချင်တယ် အဲဒီကားကို အဲဒီမှာ ကံကောင်းတာ ဘာဖြစ်သွားလဲဆိုတော့ မီးရထားဝန်ကြီး ဦးဝင်းစိန်ကနေပြီးတော့ အကိုကလည်း ဒီဝတ္ထုက ဘာဖြစ်လို့ ရုပ်ရှင်မဖြစ်တာလဲ ရုပ်ရှင်ဖြစ်ဖို့ ကောင်းတယ်ဆိုပြီးတော့ သူက ဘာမှ ရည်ရွယ်ချက်မရှိဘူး။ လူတွေကထင်ကြတယ် သူ့ကျွန်မခံမည်ဆိုတာက ပေါ်လစီတို့ ထင်ကြတယ်။

ဘယ်ဇာတ်ကားမဆို ဘယ်ဇာတ်လမ်းမဆို ပေါ်လစီတော့ ရှိတာပေ့ါ။ ဘာပေါ်လစီလဲ ဒါက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးဆိုတာက ခေတ်တိုင်းခေတ်တိုင်းမှာ ရှိနေမှာပဲ။ ဒီမိုကရေစီ ခေတ်မှာလည်း မျိုးချစ်စိတ်ဓာတ် မရှိလို့မရဘူးနော်။ ဟုတ်တယ်မဟုတ်လား အဲဒီတော့ ဒီဟာက အမြဲတမ်းဒါ ရှိနေရမယ်ဟာ တစ်ခုဆိုတော့ အဲဒီမှာ နှစ်ခုသဘောတူပေါ့။

ရိုက်တဲ့အခါမှာ ဆရာပြောတာက ဘာအမြတ်အစွန်း ရလဲဆိုရင် (၁) လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ရိုက်ခဲ့တဲ့ ပါတော်မူခန်း၊ တစ်နှစ်က ဂေါဝိန် ဆိပ်ကမ်း ဆရာ ရောက်သွားတယ်။ ပါတော်မူခန်း အခု ဘယ်သူမှ ပြန်မရိုက်နိုင်သေးဘူးနော်။ ဒါဆရာ ကြွားပြောတာ မဟုတ်ဘူးနော်၊ တစ်ချက်။

နောက်တစ်ခုက တစ်ခါ အဲဒီတုန်းက ဒီကွန်ပျူတာ Effects ဆိုတာ သိပ်မလုပ်ကြသေးဘူး။ ရုပ်ရှင်အတွက် ဒီပထမဆုံး ကွန်ပျူတာ Effects မြင်းခေါင်း ဖြတ်တာတို့ သင်္ဘောတွေ ပွားတာတို့ အဲဒီအချက်တွေ ရခဲ့တယ်၊ ကွန်ပျူတာ Effects က နောက်တစ်ခုက အကောင်းဆုံး ကင်မရာတွေကို ဖလင်တွေ ၁၅၀ လောက် ဖြုန်းပြီးတော့ ရိုက်နိုင်တယ်။ နောက်တစ်ခုက တစ်ခါ ဆရာတို့ အသံကို သုံးနိုင်ခဲ့တယ်။ စသည်အားဖြင့်ပေ့ါ တော်တော်များများ လုပ်ခဲ့ရတာအတွက်တော့ တကယ်ကို ကျေနပ်မိတာပေ့ါ။

 

ကျွန်တော်တို့ တော်တော်ငယ်တဲ့အချိန်ထဲက သိပ်ပြီး မျက်လုံးထဲမှာ စွဲနေတယ်။ တစ်ခုဆိုရင် ဆိုတော့ ဒီပရိသတ်တွေလဲ သိကြတယ်။ အဲဒီလိုမျိုး အောင်မြင်တဲ့ နောက်ကွယ်မှာကော ဆရာဖန်တီးတုန်းက အခက်အခဲတွေ ကြုံခဲ့ရသလား။

ရှိတာပေ့ါ အခုနက ကွန်ပျူတာကို နားမလည်တဲ့ ကိစ္စတွေပေ့ါ။ အဲဒီတော့ နောက် တစ်ချို့ဟာတွေကတော့ ပရိသတ်ကို ပြောလို့မရတာရှိတယ်။ ဆိုတော့ ဒါ ပါတော်မူခန်းမှာ ရွှေကျောင်း ပေါ်ကနေပြီးတော့ ကောင်းလေးတစ်ယောက် ယောင်ပေစူးလေးနဲ့ ဆယ်နှစ်သား ကလေးကနေ ထွက်ကြည့်ပြီးတော့ ဆရာတော်ဘုရား တပည့်တော်တို့ သွားကြပါပြီ ဘုရား ပြောတဲ့အချိန်မှာ သူမျက်ရည်ကျတာ။ ဒီကောင်လေး ဘယ်သူပါ ဆိုတာ အဲဒီအချိန်တုန်းက ပြောလို့မရဘူး မပြောရဲဘူး။ ဒါ သခင်ကိုယ်တော်မှိုင်းလို့ ဆရာတို့ မကြေငြာရဲဘူး။

သို့သော် ဒါလေးကို ရအောင်ထည့် ရအောင်ထည့်ပြီးတော့ ဒါသိတဲ့သူက သိပါစေ၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ကျတော့ ဒါလေးက အကျိုးရှိတယ်။ အဲဒီတေ့ လုပ်ဖြစ်ရတဲ့ ဟာတွေက အခုနက အခက်အခဲတွေပေ့ါ။ တစ်နည်းအားဖြင့် ပြောရရင် တစ်ချို့ဘယ် ဘယ်လို ထင်သွားလဲဆိုတော့ ဝန်ကြီးဌာနဲ့ပေါင်းလို့တဲ့ ပိုက်ဆံတွေ အများကြီး ရမှာဘဲဆိုတာ လုံး၀ မဟုတ်ပါဘူး မရပါဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီတုန်းက ဒါရိုက်တာကြေး သုံးသိန်းပဲရတယ်။ အပြင်မှာလဲ ဒီလောက်ပဲ တိုးလည်း တိုးမတောင်းရဲဘူး ဘာဖြစ်လို့ တိုးမတောင်းရဲလဲ ဆိုတော့ ကိုယ်လုပ်ချင်တာတွေ မလုပ်ရမှာစိုးလို့ အဲဒီလို လုပ်ခဲ့ရပါတယ်။

တစ်ခါ တစ်လေကျတော့ ဗေဒင်ကို ယုံရမလားတော့ မပြောတတ်ဘူး ဆရာက ၉  ဖြစ်နေတာကိုး၊ ဒီဇင်ဘာ ၉ မှာ မွေးတဲ့အခါကျတော့ ၉ သမားတွေက အတိုက်အခိုက် များတယ်။ နောက်ပြီးတော့ အလုပ်တစ်ခုကို ဘယ်တော့ လွယ်လွယ်ကူကူနဲ့ မအောင်မြင်ဘူးဆိုတာ အဲလိုဘဲ ဆရာ ဆန်ရေ ဇာတ်ကားရိုက်တယ်။ စုန်ရေဟာ ဆရာကို အကျိုးပေးတဲ့အတွက် ဆန်ရေကို ရိုက်မယ်လို့ ဆန်ရေကို ဆရာတို့ ကြိုးစားတဲ့အခါမှာ အနှစ် နှစ်ဆယ်လောက်မှ ဆရာတို့ ဆန်ရေကို ရိုက်ရတယ်။

အဲဒီဆန်ရေကလည်း ထားဝယ် ဘက်မှာဘဲ ရိုက်ရတယ်။ တကယ် ဓါးမြတွေ အတိုက်ခံရဘာနဲ့ ဒုက္ခတွေ အများကြီးရောက်ခဲ့တယ်။ သို့သော်လည်း အဲဒီမှာ လွင်မိုးနဲ့ပေ့ါလေ ရိုက်ခဲ့တဲ့အခါကျတော့ အဲဒီကလေးကလည်း ဆရာ တို့ကို အကျိုးပေး တာပေ့ါ၊ လွယ်လွယ်ကူကူ တစ်ခါမှ မရှိခဲ့ပါဘူး။ ဆရာတို့ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ။ ကိုယ်ကိုတိုင်ကလည်း လွယ်လွယ်ကူကူ သဘောထားတဲ့ ရိုက်တဲ့ကား ရှားပါတယ်။ ဒါလေးကတော့ကွာ လွယ်ပါတယ်ဆိုပြီး ရိုက်တာမရှိပါဘူး။

အကယ်ဒမီ ဆုဆိုတာလည်း သူတို့ပြောသလို နတ်ကြီးတာပေ့ါ။ အဲဒီတော့ ကိုယ်ကတော့ အကောင်းဆုံး လုပ်ခဲ့တာပဲ။ ကောင်းတယ်ဟာကျတော့ သူ့ဘာသာသူ ဖြစ်သွားတာပေ့ါ။ ဆန်ရေကို ရိုက်တုန်းကဆိုရင် ထားဝယ်စကားတွေရှိတယ်။ ဆရာက ထားဝယ်စကား နားမလည်ဘူး ထားဝယ်က ဗမာလို ပြောတာကို ဆရာတို့ နားမလည်ဘူး။ အဲဒီတော့ အခုနလို ကလေးလေးတွေကစပြီးတော့ ထားဝယ်ကလူတွေကို ထည့်သုံးတယ် ဆရာက အဲဒါမျိုးတွေပေ့ါ။ သူ့ရဲ့ ပရိသတ်ကိုလည်း ထားဝယ် ရောက်သွားသလိုခံစားရတယ်။ သူ့ကျွန်မခံ တုန်းကလည်း အဲဒီလိုပဲပေ့ါ။ သီပေါနဲ့ စုဘုရားလတ်ဆိုရင် ဆရာတို့က တကယ်အပြင်ကလူတွေ သုံးတာပေ့ါ နည်းနည်း ခပ်ဆင်ဆင်တူလေးတွေ သုံးတယ်ပေါ့။

 

ကျွန်တော်တို့ တစ်ခုခု လုပ်တဲ့နေရာမှာပေ့ါနော် ဒါအနုပညာ လုပ်လို့မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်း၊ ဘယ်လုပ်ငန်း မှာဘဲဖြစ်ဖြစ် သူ့ဘာသူ အခက်အခဲ ဆိုတာ ရှိကြပြီးသား။ အဲဒီတော့ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ စိတ်ဓာတ် မကျအောင်ပေ့ါနော် ဆရာအနေနဲ့ ဆရာအတွ့အကြုံအရ ဘယ်လိုမျိုး အားမွေးပြီးတော့ ရှေ့ဆက်သင့်လဲဆရာ။

ဆရာကတော့ ရိုးရိုးသားသားပဲ။ ဘာဖြစ်ဖြစ် ရိုးရိုးလေးပဲပြောမယ် ပွင့်ပွင့်လင်းလင်း လုပ်မယ်၊ နောက်ပြီးတော့ တစ်ခါတာဝန်ကိုပေ့ါလေ ဒီဟာကို တကယ့်ကို စိတ်ပါမှ လုပ်တယ် စိတ်မပါတဲ့ဟာ မလုပ်ဘူးပေ့ါ။ အခုနက သူ့ကျွန်မခခံဘာကို  ကိုယ့်ကိုကိုယ် သေချင်လောက်အောင် ဖြစ်လဲဆိုတော့ တစ်ခုရှိတယ်။ အသံနဲ့ပတ်သက်ပြီးတော့ အသံကို ကောင်းချင်တဲ့ အခါမှတော့ အသံကို ဖောက်ချင်တာပေ့ါ အဲလိုဖောက်တဲ့အသံတွေက မပျောက်ဘူး ဗောက်ဗောက်နဲ့ စကားတစ်ခွန်းပြောလိုက် ဗောက်ကနဲ့ ထွက်လိုက် အဲဒါကို ဆရာ မဖျောက်တတ်ဘူး။ ဒီပညာလည်း ပညာရှင်တွေနဲ့ ဖျောက်တာ ဖျောက်လို့မရဘူး။ ဆရာစိတ်တွေညစ်နေတယ်။ သို့သော်လည်း ကျွန်ပျူတာနဲ့ ဖျောက်လိုက်တဲ့ အခါကျတော့ ဒါဘာမှ မခက်ဘူး။ အဲဒါမျိုးလေးတွေ သွားတွေ့တာပေ့ါနော် အဲဒီတော့ နည်းပညာတွေ လည်း ဆရာတု့ိမှာ လိုပါတယ်လို့ ဒါလေးကိုလည်း လက်ခံရမယ်။

 

ဆရာ အခုနက ပြောသွားတဲ့ အသံနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ညစ်သွားတယ် ဆိုတော့ အဲဒီလိုမျိုး ဖြစ်သွားတဲ့အချိန်မှာ ဆရာစိတ်ထဲမှာ စိတ်ဓာတ်ကျတဲ့ စိတ်တွေ ဘာတွေကော ဖြစ်လား ဒါမှမဟုတ် ဆက်မလုပ်ချင်တော့ဘူးကွာ ဆိုပြီးတော့ အားလျှော့ချင်တဲ့ စိတ်တွေကော ဖြစ်ခဲ့ဘူးလားဆရာ။

အဲဒါတော့ ဖြစ်တယ်လို့ ပြောရမှာဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ငါဒီလောက်တောင် လုပ်ခဲ့ရပြီးတော့ မအောင်မြင်ဘူးကွာဆိုပြီးတော့ ငါသေရင်ကောင်းမှာဘဲ အဲဒီလောက်ထိ ဖြစ်တာ။ ငါသေတာကောင်းတယ် အလုပ်ကြီးလုပ်ရသေးတယ်၊ မအောင်လဲ မအောင်မြင်ဘူး အဲဒီလိုတော့ ဖြစ်တယ် ဒါပေမဲ့ သေလို့ မဖြစ်သေးဘူးလေး ဒါပြီးအောင် လုပ်ရဦးမှာကိုး။ အဲဒီတော့လည်း ဆက်ပြီးတော့ ပြီးအောင်လုပ်တယ်။ သူအခုန ကွန်ပျူတာ နားလည်တဲ့လူနဲ့ကျတော့ တရုတ်ပြည် ရောက်သွားတာပေါ့။ နည်းပညာနဲ့ ပတ်သက်ပြီးတော့ ဒီလိုရှိတာပေ့ါနော်။ ဘယ်လောကမှာ ဖြစ်ဖြစ်ပေ့ါ နည်းပညာ ကျွမ်းကျင်တဲ့ လူတွေလိုတယ်ဆိုတာ။ သဘောပေါက်တယ်။

 

ကျွန်တော်တို့ဒီလို လူတွေထဲမှာပေ့ါနော် အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ အထဲမှာ သူတို့ လုပ်ငန်းတွေမှာ တစ်ခါတစ်လေကျရင် အဆင်မပြေလို့ ကျဆုံးတဲ့လူတွေလည်း ရှိမှာဘဲ ဆရာ။ ဆိုတော့ အဲဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ ဒီလူငယ်တွေ အတွက်ပေ့ါနော် ဘယ်လိုမျိုး စိတ်ဓာတ်နဲ့ အားမွေးပြီးတော့ ရှေ့ဆက်သင့်သလဲ။

သေလောက်အောင် စိတ်ညစ်နေရင်လဲ သေလို့တော့ မဖြစ်သေးဘူး။ အခုလို ကိုယ် လုပ်နိုင်တာဘဲ ကိုယ်ပြသွားရမယ်လေ။ ဥပမာဆိုရင် လွန်ခဲ့တဲ့ လေးနှစ်လောက်က သေမလောက် ရောဂါကြီး ခံစားရတယ်။ ဒါပေမဲ့ သေလို့မဖြစ်သေးဘူး ငါလုပ်စရာတွေ လုပ်တာ ဒီနေ့အထိပါဘဲနော်။ အဲဒီတော့ လုပ်တဲ့အခါကျတော့ ဒီစိတ်ဓာတ်တော့ မွေးရမယ်။ သေလို့မဖြစ် သေးဘူး သေတော့သေမှာဘဲလေ။ မသေခင်တော့ လုပ်နိုင်တာကို လုပ်သွားရမယ်။ အဲဒါလေးပါဘဲနော် ကိုယ်လုပ်နိုင်တာရှိမယ်၊ သူများ လုပ်နိုင်တာရှိမယ်။ ကိုယ်လုပ်နိုင်တာ ရှိသရွေ့ကတော့ ကိုယ်လုပ်နိုင်တဲ့အထိ ကိုယ်လုပ်သွားရမယ်။ အဲဒါလေးတော့ ပြောချင်ပါတယ်။

 

အားပေးနေကြတဲ့ ပရိသတ်တွေအတွက်လည်း ဆရာအနေနဲ့ အမှတ်တရ စကားလေး တစ်ခုလောက် ပြောပြပေးပါ ဆရာ။

အဲဒါကတော့ ဆရာ စောစောကပြောသလိုပါဘဲ ပထမဦးဆုံးတစ်ခုကတော့ ရိုးသားမှုက ဆရာပြောချင် ပါတယ်။ ရိုးရိုးသားသားနဲ့ လောကကြီးကို လျှောက်သွားတာဟာ လိပ်ပြာလည်း သန့်တယ်၊ နောက်ပြီးတော့ ကိုယ့်ကြောင့်ဘယ်သူမှ ဒုက္ခ မရောက်အောင်ပေ့ါနော်။ အဲဒါကို ပြောချင်ပြီးတော့ နောက်ဆုံးအောင်မြင်မှုက အဲဒါပါပဲ။ နိဗ္ဗာန်ကို ရည်စူးပြီးတော နိဗ္ဓာန်မှန်းပြီးတော့ အဲဒီအထိအောင် စံစားနိုင်ကြဖို့ တိုက်တွန်း အားပေးချင်ပါတယ်။