ငါးတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ထောင်ဒဏ် အနှစ်၂၀ ချမှတ်

ငါးတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ထောင်ဒဏ် အနှစ်၂၀ ချမှတ်

မကွေး၊ ဇူလိုင် ၃၁ ။              ။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ငါးတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့် ခဲ့သော ကျောင်းလုပ်သားအား ဇူလိုင်လ ၃၁ ရက်နေ့က မင်းဘူးခရိုင် တရားရုံးမှ ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

မင်းလှမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ စာသင်ကျောင်း၊စာသင်ခန်းထဲတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ် ထမင်းစားကျောင်းဆင်းချိန်၌ အသက် ၁၁ နှစ်ကျော်အရွယ်ရှိသော ငါးတန်းကျောင်းသူလေးကို ကျောင်းအထွေထွေလုပ်သားက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

“ဒီအမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ သရက်ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပြီး တရားခံဘက်မှ သရက်ခရိုင်တရားရုံးကို အယုံကြည် မရှိဘူး ဆိုပြီး ရုံးပြောင်း လျှောက်တဲ့အတွက် မင်းဘူး ခရိုင်တရားရုံးမှာ ပြောင်း ရွှေ့စစ်ဆေးခဲ့ပါတယ်။ တစ်နှစ်ခွဲခန့် အကြာ ဇူလိုင်လ ၃၁ ရက်နေ့လယ်ပိုင်းက မင်းဘူး ခရိုင်တရားရုံးက အဓမ္မပြုကျင့်ခဲ့သူ အသက် ၅၁ နှစ်အရွယ် ကျောင်းလုပ်သား အောင်ဆန်းကို ထောင်အနှစ်(၂၀)ပြစ်ဒဏ်ချမှတ် လိုက်တာပါ” ဟု ကျောင်းသူလေးဘက်မှ လိုက်ပါကူညီပေးနေသော မလွန်-မင်းလှ ပရဟိတ အဖွဲ့မှ ဦးဆောင် သူ ဒေါက်တာ ရဲထွန်းဇော်က ပြောသည်။

အဆိုပါအမှုကို မင်ဘူးခရိုင်တရားသူကြီး ဦးဇော်ညွှန့်ဦးက တရားလိုနှင့် တရားခံနှစ်ဘက် သက်သေများကို စစ်ဆေးခဲ့ပြီးနောက်  ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly