ဘင်္ဂါလီ ၁၀၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်း

ဘင်္ဂါလီ ၁၀၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်း

စစ်တွေ၊ အောက်တိုဘာ ၁၂ ။            ။ မြန်မာရေပိုင်နက်ထဲက ဖမ်းဆီးရမိသည့် လှေစီးသွားလာသူ ဘင်္ဂါလီ ၁၀၃ ဦးကို ယနေ့ (အောက်တိုဘာ ၁၂ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောမြို့ တောင်ပြိုမှတဆင့် လွှဲပြောင်းပေးလိုက်ပြီဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးခင်စိုးက မဇ္ဈိမ/DMGသို့ ပြောကြားသည်။

"ဟုတ်ကဲ့ပါ။ ယနေ့လွှဲပြောင်းပေးပါပြီ။ တကယ်အားလုံး လွှဲပြောင်းပေးရမှာက ၁၀၅ ဦးပါ။ ဒါပေမယ့် နှစ်ဦးက ထွက်ပြေးသွားတော့ ၁၀၃ ဦးပဲ လွှဲပြောင်းပေးရပါတယ်။ စာရင်းမှာတော့ ၁၀၅ ဦး လွှဲပေးတာဖြစ်ပါတယ်။ နောက်ထပ် ၇၇ ဦး ကျန်ပါသေးတယ်။ အဲဒါကိုတော့ ကျနော်တို့က ပြည်ထောင်စုဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနက ကျနော်တို့ ပြည်နယ်အစိုးရကို အကြောင်းကြား လာပါလိမ့်မယ်ခင်ဗျာ။ အဲဒီအချိန်မှာ ပြည်နယ်အစိုးရကနေ ကျနော်တို့ကို ပြောပါလိမ့်မယ်။ " ဟု ဦးခင်စိုးကပြောသည်။

ကျန်နေသေးသူများကိုလည်း ထပ်မံလွှဲပြောင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုချိန်ထိ အကြောင်းကြားခြင်း မရှိသေးဟု ဆိုသည်။ ပြီးခဲ့သည့် မေလက ရခိုင်ပြည်အတွင်း ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၂၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၇၀၀ကျော်နှင့် ဇူလိုင်လက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ဖမ်းဆီးရမိသည့် ဘင်္ဂလီ ၁၀၀ ကျော်တို့ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် ထားရှိထားသည်ဟု ၎င်းက ပြောသည်။ ယင်းအထဲက ၇၂၉ဦးကို ခြောက်ကြိမ်ခွဲ၍ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ထိုသူများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အတည်ပြုပြီးသူများကို ၁၅၀ ဦး တစ်ကြိမ်၊ ၃၇ ဦးတစ်ကြိမ်၊ ၁၅၅ ဦးတစ်ကြိမ်၊ ၁၂၅ ဦးတစ်ကြိမ်၊ ၁၅၉ ဦးတစ်ကြိမ်၊ ယခု ၁၀၅ ဦးတစ်ကြိမ် စုစုပေါင်း ၇၃၁ ဦး အသီးသီးလွှဲပြောင်းပြီးပြီဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုသူများအား ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးရာတွင် အခက်အခဲ  တစ်စုံတရာ မရှိဘဲ အဆင်ပြေချော့မော့စွာ ပို့နိုင်ခဲ့ကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB ကလည်း ကြည်ဖြူစွာ လက်ခံခဲ့ကြောင်း ဦးခင်စိုးက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly