မျက်နှာဖုံးတပ်ဆင်ထားသည့် ဗုဒ္ဓပုံအား အမေရိကန်သံရုံးပေ့ချ်မှ ဖယ်ရှား

မျက်နှာဖုံးတပ်ဆင်ထားသည့် ဗုဒ္ဓပုံအား အမေရိကန်သံရုံးပေ့ချ်မှ ဖယ်ရှား
Photo-EPA/NYEIN CHAN NAING

ဇူလိုင် ၂၇ ရက် ။          ။ အမေရိကန်သံရုံးဖေ့ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည့် အနုပညာရှင်တစ်ဦး၏ လက်ရာသရုပ်ဖော်ချက် တစ်ခုအား ယုံကြည်မှုအပေါ် တိုက်ခိုက်ပုတ်ခတ်သည့်ဟု အများက ယူဆကြသည့်အတွက် ဖယ်ရှားပေးလိုက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ဇူလိုင် ၂၆ ရက်နေ့တွင် မြန်မာလူငယ်တစ်ဦးက သရုပ်ဖော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံတွင် ဓာတ်ငွေ့ကာ မျက်နှာဖုံး တပ်ဆင်ထားသည့်ပုံကို တင်ထားခဲ့ရာ “ဗုဒ္ဓသည် သရုပ်ဖော်ရန် မဟုတ်၊ ဘာသာတရားကို လေးစားရန်” အစရှိသည်တို့ကို ဖေ့ဘွတ်သုံးစွဲသူအများအပြားက ယင်းပေ့ချ်တွင် လာရောက် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်ခဲ့ကြပြီး နောက်တစ်နေ့ ဇူလိုင် ၂၇ ရက်တွင် ပေ့ချ်မှ ယင်းပုံကို ဖြုတ်ချကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဘက်မှ မိမိတို့ ရပ်တည်ပြီး အဆိုပါအနုပညာလက်ရာသည် ဆိုးဝါးလှသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရပြဿနာများအတွက် အလေးအနက် စဉ်းစားဆင်ခြင်မှုများပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း လှုံ့ဆော်ပေးနိုင်ခဲ့သည့် အနုပညာလက်ရာတစ်ခု ဖြစ်သည်ဟုလည်း မိမိတို့ မျှော်လင့်ပါသည်”ဟု အမေရိကန်သံရုံး၏ ဇူလိုင် ၂၇ ရက်၊မွန်းလွဲ ၁ နာရီခန့်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် ဘာသာပေါင်းစုံအပေါ်တွင်လည်း လေးစားမှုရှိကြောင်းပါ ထပ်မံပြောကြားလိုကြောင်းပါ ထည့်သွင်း ဖော်ပြထားသည်။

မြန်မာလူငယ်များ၏ အသံများကိုဖော်ကျူးထားတဲ့ “Insight Out” ပန်းချီပြပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပန်းချီပြပွဲ ရည်ရွယ်ချက်မှာ လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင်ကို အလေးထားဖော်ကျူးခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံးဘက်မှ ဆိုထားသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်သူ အများစုရှိနေသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ယင်းပို့စ်အောက်တွင် ဗုဒ္ဓဘာသာကို လေးစားရန် ပြောဆိုခဲ့ကြသူ အများအပြား ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly