ဘင်္ဂလားဒေ့ရှ်မှာ လူတွေကို စတေးပြီး တံတားတည်ဆောက်နေတယ်ဆိုတဲ့ ကောလဟလကြောင့် သတ်ဖြတ်မှုတွေ ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်မှာ လူတွေကို စတေးပြီး တံတားတည်ဆောက်နေတယ်ဆိုတဲ့ ကောလဟလကြောင့် သတ်ဖြတ်မှုတွေ ဖြစ်ပွား

ဒါကာ၊ ဇူလိုင် ၂၇ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မန်ရှီဂျန်းခရိုင်မှာ အကြီးစားတံတားကြီးတစ်စင်း တည်ဆောက်ရာမှာ အောင်အောင်မြင်မြင် ပြီးစီးဖို့ လူတွေကို သတ်ဖြတ်ပြီး စတေးနေတယ်လို့ ကောလဟလတွေ ထွက်ပေါ်ရာကနေ သံသယရှိသူတွေကို လူအုပ်က ၀ိုင်းဝန်းသတ်ဖြတ်မှုတွေအထိ ဖြစ်ပွားလာပါတယ်။

တံတားအတွက် လူတွေကို စတေးဖို့ သတ်ဖြတ်မယ့်သူတွေလို့ သံသယနဲ့ လူအုပ်က ၀ိုင်းသတ်လိုက်ကြသူပေါင်း ရှစ်ဦးအထိ ရှိတယ်လို့ ရဲတပ်ဖွဲ့က သောကြာနေ့က ပြောပါတယ်။

အမေရိကန်ဒေါ်လာ သုံးဘီလီယံ အကုန်အကျခံ တည်ဆောက်နေတဲ့ ဒီတံတားကြီး ပြီးစီးဖို့ ကလေးတွေကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်ပြီး စတေးနေတယ်ဆိုတဲ့ ကောလဟလတွေဟာ လူမှုမီဒီယာမှာ  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန့်နှံ့နေတာပါ။

ဒီ ကောလဟလတွေနဲ့ ဆက်စပ်ပြီး တိုက်ခိုက်ခံရသူပေါင်းက ၃၀ ထက်မနည်းရှိပြီး ကောလဟလတွေ မပြန့််ပွားအောင် ကိုင်တွယ်နှိမ်နင်းဖို့ တစ်နိုင်ငံလုံးက ရဲစခန်းတွေကို အမိန့်ထုတ်ထားပြီဖြစ်ပါတယ်။

ကလေးတွေကို ပြန််ပေးဆွဲ သတ်ဖြတ်ပြီး တံတားအတွက် ဦးခေါင်းတွေ စတေးနေတယ် ကောလဟလနဲ့အတူ သံသယကြောင့် လူအုပ်ရဲ့ သတ်ဖြတ်ခံရတဲ့ ရှစ်ဦးမှာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

အဲဒီ အမျိုးသမီးကို ကလေးတွေကို ပြန်ပေးဆွဲမယ့်သူလို့ သံသယဝင်ပြီး လူအုပ်ဟာ စာသင်ကျောင်းတစ်ကျောင်းရှေ့မှာ ၀ိုင်းဝန်းရိုက်သတ်လိုက်တာပါ။ အဲဒီလို လူအုပ်ရဲ့ သတ်ဖြတ်ခံရသူတွေမှာ ဆွံအနေတဲ့ အသက်ကြီးပိုင်း အမျိုးသားတစ််ဦးလည်း ပါဝင်ပြီး သူဟာ သမီးဖြစ်သူဆီ အလည်လာချိန်မှာ လူအုပ်က သံသယနဲ့ သတ်ဖြတ်ခဲ့ကြတာပါ။

ခုလို သတ်ဖြတ််မှုတွေနဲ့ ပတ်သက်လို့ ရဲချုပ်  ဂျာဗက်ပတ်ဝါရီက “ကျွန်တော်တို့ ဒီဖြစ်ရပ်ဖြစ်စဉ်တွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးနေပါတယ်။ လူအုပ်က သံသယနဲ့ သတ်ဖြတ်လိုက်သူတွေမှာ တစ်ဦးမှ ကလေးပြန်ပေးဆွဲသမား မပါဘူး။”လို့ ပြောပါတယ်။

ဒီ ကောလဟလတွေကြောင့်် နိုင်ငံတွင်းမှာ ယူကျူချန််နယ် ၂၅၊ ဖေ့ဘုတ်ပေ့ချ် ၆ဝနဲ့ ဝက်ဘ်ဆိုက် ၁၀ ကို ပိတ်ပစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly