ဟောင်ကောင်ရဲ့ အခြေအနေသိအောင် လေဆိပ်မှာ ဆိုက်ရောက်လာသူတွေကို ကြိုဆိုရင်း ဆန္ဒပြ

ဟောင်ကောင်ရဲ့ အခြေအနေသိအောင် လေဆိပ်မှာ ဆိုက်ရောက်လာသူတွေကို ကြိုဆိုရင်း ဆန္ဒပြ

ဟောင်ကောင်၊ ဇူလိုင် ၂၆ ။            ။ တရုတ်ရဲ့ အထူးအုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံခြားဧည့်သည်တွေ သိရှိအာရုံစိုက်လာအောင် ဆန္ဒပြသူရာပေါင်းများစွာဟာ သောကြာနေ့က ဟောင်ကောင်လေဆိပ်မှာ ဆိုက်ရောက်လာသူတွေကို ကြိုဆိုရင်း ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။

ဟောကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဆိုက်ရောက်ရာခန်းမအပြင်ဖက်မှာ ဆန္ဒပြသနေတဲံ လူအုပ်ကြီးကို ဒီကနေ့မှာ လေဆိပ်ဆီ ရောက်ရှိလာသူတွေအနေနဲ့ ရှားရှားပါးပါး မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

ဟောင်ကောင်အကြီးအကဲ ကာရီလမ်းကို ကန့်ကွက်ပြီး “ကာရီလမ်း နုတ်ထွက်”၊ “ဟောင်ကောင် လွတ်လပ်ပါစေ”စတဲ့ ကြွေးကြော်သံတွေအပြင် “ရဲတပ်ဖွဲ့က ဥပဒေကို အရှက်မဲ့စွာ ချိုးဖောက်နေ”ဆိုတာကိုလည်း ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကြော်ကြပါတယ်။

အခု ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုကို နေ့လယ် ၁ နာရီမှာ စတင်တာဖြစ်ပြီး ည ၁၁ နာရီ ၅၉ မိနစ်အထိ ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။ လေဆိပ်ဝန်ထမ်းတွေနဲ့ လေကြောင်းလိုင်းအလုပ်သမားတွေ စတင်တဲ့ ဒီဆန္ဒပြပွဲကို ပြည်တွင်းလေယာဉ်မှူးတွေ၊ လေယာဉ်မယ်တွေအပြင် ဖြတ်သွားဖြတ်လာ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပါတယ်။

အခုချိန်ထိ ဒီဆန္ဒပြပွဲကြောင့် လေယာဉ်ပျံသန်းမှုတွေ အနှောင့်အယှက်ဖြစ်တာမျိုးတော့ မရှိသေးပါ။

ဒီ ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေက တောင်းဆိုချက်တွေကိုပဲ တောင်းဆိုဆန္ဒပြကြပါတယ်။

တရုတ်ဆီ တရားခံလက်လွှဲတဲ့ ဥပဒေကြမ်း အလုံးစုံ ဖျက်သိမ်းရေး၊ ဆန္ဒပြမှုတွေကို ရဲတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းမှုကို လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးရေး၊ အားလုံးနဲ့ဆိုင်တဲ့ မဲပေးခွင့်ကို ချက်ချင်း ပြဌာန်းပေးရေး စတဲ့အချက်တွေကို တောင်းဆိုဆန္ဒပြကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly