နိုင်ငံခြားအရက်များ အကန့်အသတ်ဖြင့် တင်သွင်းမှုအပေါ် မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း ရှင်းလင်း

နိုင်ငံခြားအရက်များ အကန့်အသတ်ဖြင့် တင်သွင်းမှုအပေါ် မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၂၆

နိုင်ငံခြားအရက်များ အကန့်အသတ်ဖြင့် တင်သွင်းမှုအပေါ် မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း ရှင်းလင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၄ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းက ထုတ်ပြန်ခဲ့ပြီး အသင်း၏ ရပ်တည်ချက်များကိုလည်း ဖော်ပြထားခဲ့သည်။

 “MLA အနေနဲ့ ပြည်တွင်းယမကာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း မြှင့်တင်နိုင်ဖို့ အမြဲတမ်းတာဝန်ယူပြီး ရပ်တည်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စတင်အကောင်အထည်ဖော်ရန် ဆန္ဒရှိတဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းမဆို ကန့်ကွက်ပိတ်ဆို့မှုမျိုးတွေကိုမပြုလုပ်ဘဲသူတို့ရဲ့လုပ်ငန်းလည်ပတ်ခြင်းတွေ သို့မဟုတ် ထုတ်လုပ်မှုတွေကိုအခြေချနိုင်အောင်ထောက်ပံ့ပေးပါတယ်။ဒါမှမဟုတ်ဘဲသူတို့အနေနဲ့ ကုန်ပစ္စည်း တွေကိုပဲတင်သွင်းမယ်ဆိုရင်လည်းခွင့်ပြုသင့်တယ်။ ဒါပေမယ့် ပြည်တွင်းထုတ်လုပ်သူတွေမှာလဲ ပြည်တွင်း ဖြစ်လုပ်ငန်း  ဖြစ်ရခြင်းအတွက် အပြစ်ပေးခံရတဲ့ အနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး” ဟု MLA ၏ ဥက္ကဋ္ဌ ဦးစိုးလွင် ကပြောသည်။

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း (MLA) သည် အရက်ထုတ်လုပ်သည့်လုပ်ငန်းလုပ်ကိုင်သူ ပြည်တွင်းလုပ်ငန်းရှင်များဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်မှု“Level Playing Field”အခွင့်အရေးများရရှိစေရန်နှင့် ပြည်တွင်းအရက် ထုတ်လုပ်ရောင်းချမှုလုပ်ငန်း နယ်ပယ် တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြင်ရတဲ့ အဓိကအကြောင်းအရင်းက တင်သွင်းမှုဥပဒေတင်းကြပ်တဲ့ နေရာတွေမှာ အားနည်း မှုတွေကိုတွေ့ရတယ်။ ဒါကြောင့်  ဝိုင်လိုမျိုးမှောင်ခိုစျေးကွက်  အခြေအနေကိုမဖြေရှင်း နိုင်တဲ့အပြင် နယ်စပ် တွေကနေတစ်ဆင့်အခွန်အခတွေမပေးဆောင်ပဲမှောင်ခိုတင်သွင်းနေတာတွေ တွေ့နေရပါတယ်။  ထုတ်ကုန် ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေ အားလုံးက တသက်မတ်တည်းနဲ့တန်းတူညီမျှမှုရှိဖို့လိုအပ်တယ်။  ဒါမှသာ စျေးကွက်အတွင်းမှာအခွန်ပေးဆောင်တဲ့  ပြည်တွင်းထုတ်လုပ်သူနဲ့ ရောင်းချသူတွေအတွက် မျှတတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာပြီးရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။”ဟု MLA ရဲ့ တွဲဖက် အတွင်းရေးမှုး   ဦးဝင်းသော်က ပြောသည်။

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်၌ ပြည်တွင်းအရက်ထုတ်လုပ်ရောင်းချသည့် စက်မှုလုပ်ငန်းအနေဖြင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်ငွေပမာဏများတိုးတက်ပေးဆောင်လျက်ရှိကြောင်း ယခုနှစ် ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အခွန်ငွေပမာဏ ၁၈၀ ဘီလီယံကျော်ခန့်ကိုပေးဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

“စျေးကွက်အတွင်းမှာပါဝင်လှုပ်ရှားသူတိုင်းအတွက်အရေးကြီးသောတန်းတူရည်တူယှဉ်ပြိုင်မှု“Level Playing Field”ကိုအလေးပေးဆောင်ရွက်ခြင်းများရှိနေပေမယ့်လည်းလုံလောက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေရှိတာကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်တွင်း ထုတ်လုပ် ရောင်းချ သူတွေအတွက်လည်း ထိခိုက် နစ်နာမှုရှိတဲ့ အခြေအနေတွေ မဖြစ်သင့်ပါဘူူး။ တကယ့် နိုင်ငံတကာက ထုတ်လုပ်သူလုပ်ငန်းရှင်တွေအနေနဲ့ တောင့်တင်းတဲ့ငွေကြေး ကျောထောက်နောက်ခံရှိနေပြီး ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် အကျိုးသက်ရောက်မှုသိပ်မရှိတဲ့ အခြေအနေတွေကိုဖန်တီးနိုင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့နိုင်ငံတော်အစိုးရကိုအကြံအဉာဏ်ပေးခဲ့တာကတန်းတူညီတူယှဉ်ပြိုင်မှုအခြေအနေကို တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ကွင်းပြင်တစ်ခုဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။ ဒါမှလဲ ကျွန်တော်တို့ရဲ့ယှဉ်ပြိုင်မှုက တရားမျှတမှာ ဖြစ်ပါတယ်။” ဟု MLA ၏ အထွေထွေ အတွင်းရေးမှူးဦးဌေးလွင်က ပြောသည်။

မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း MLA အနေဖြင့် နိုင်ငံခြားအရက်များ တင်သွင်းခြင်းကို မဆန့်ကျင်သော်လည်း စီးပွားရေးတွင် ပါဝင်ဆက်နွယ်သူအားလုံးအနေဖြင့် တရားမျှတမှုနှင့် တန်းတူရည်တူ ယှဉ်ပြိုင်မှု “Level Playing Field” ရှိစေရန် လိုအပ်ကြောင်း ၊ “Grey Market” ကြောင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်ဘီလီယံပေါင်းများစွာဆုံးရှုံးခြင်းအပေါ် အခွန်အခများ မှန်ကန်စွာ ပေးဆောင်ခြင်း မရှိသည့် ယှဉ်ပြိုင်သူများကိုပိုမိုတင်းကြပ်သည့် နည်းဥပဒေများချမှတ်ပေးစေလိုကြောင်း၊ ယမကာလုပ်ငန်း နယ်ပယ်တွင် ပိုမိုပွင့်လင်းမြင်သာစွာအကောင်အထည်ဖော်နိုင်ခြင်းနှင့် ပြည်ပသွင်းကုန်တန်ဖိုးဖြတ်ရာတွင် ပိုမိုပြတ်သားရှင်းလင်းသောစည်းမျဉ်းဥပဒေများတည်ဆောက်နိုင်ရန်တို့ကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required